လှည်းကူး သြဂုတ် ၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် မွေးကင်းစမှအသက်(၂)နှစ်အောက်ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ရောဂါ ဘယကင်းရှင်းစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကမွေးကင်းစမှ အသက် (၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပြည်သူ့ဆေးရုံနှင့်စုရပ်အသီးသီးတို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းဒန်ဦး၏လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများဖြစ်သည့် ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမြှေးရောင် ငါးမျိုးစပ်ကာကွယ်ဆေး၊ အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး တိုက်ကျွေးခြင်းနှင့်ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်၊ ဆုံဆို့ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့်ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများကိုလည်း လစဥ်ပုံမှန် ဆောင်ရွက်ပေးသည်။
လှည်းကူးမြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်၊ ကျေးရွာများမှ ကလေးသူငယ်များကိုလည်း သက်ဆိုင်ရာစုရပ်များတွင် တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
အေးအေးနွဲ့(လှည်းကူး)