မြိတ် ဩဂုတ် ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကျက်သရေဆောင်လေးကျွန်းဆီမီးစေတီတော်တွင် မြိတ်မြို့ပေါ်ရှိဂိုဏ်းပေါင်းစုံဘုန်းတော်ကြီးကျောင်း(၁၀၀)မှ ဝါဆိုသံဃာ တော်အပါး(၁၀၀)အား မြိတ်ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့်စေတနာရှင် အလှူရှင်များ၏စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်တွင် ဩဂုတ်(၂) ရက် နေ့လယ်(၁)နာရီက ကျင်းပခဲ့သည်။
စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုင်ငံတော်ဩဝါဒါစရိယအဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒန္တလာသန လှည်းဘီးပရိယတ္တိစာသင်တိုက်ဆရာတော်နှင့်ဆရာ တော်၊ သံဃာတော်အရှင်သူမြတ်များ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး၊ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ထံမှဧည့်ပရိတ်သတ်အပေါင်းတို့က ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များထံမှပရိတ်တရားတော်များနာယူခဲ့ကြပြီး ဆရာတော်သံဃာတောအရှင်သူမြတ်များအား တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီး၊ မြိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးဦးနှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက် ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနာရဒ မော်တောင်ပရိယတ္တိစာသင်တိုက် ဆရာ တော်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်သွန်းချအမျှပေး ဝေကြသည်။
ယင်းနောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ရုပ်သိမ်းခဲ့ကြသည်။ လှူဒါန်းပွဲတွင်ပင့်သံဃာတော်ဆရာတော်ကြီး(၁၅)ပါးနှင့်မြိတ်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများမှသံဃာတော်(၁၀၀)ပါးတို့အတွက် စုစုပေါင်းလှူဒါန်းငွေ(၁၄၂၇၀၀၀၀/-)(တစ်ရာ လေးဆယ် နှစ်သိန်းခုနှစ်သောင်း)ကျပ် လှူဒါန်းခဲ့ကြောင်းသိရသည်။
ခိုင်ထူး (ပြန်/ဆက် )