တောင်ဥက္ကလာ ဩဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပဒေသာအားကစားခန်းမတွင် ယမန်နေ့နံနက်ပိုင်းအချိန်က ၂၀၂၅ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် (၆)ပေါက်တန်း ခြင်းလုံးအမှတ်ပေးဝိုင်းဖွဲ့ခတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အသင်းများဖြစ်သော လှည်းကူးခရိုင်နှင့် ကျောက်တံတားခရိုင်၊ တိုက်ကြီးခရိုင်နှင့် မရမ်းကုန်းခရိုင်၊ အလုံခရိုင်နှင့် မှော်ဘီခရိုင်တို့၏ မဟာဒူး၊ တည့်ဖဝါး၊ စလွယ်ကြီး၊ ဝိုက်ကြီး၊ တည့်ဖနောင့်၊ မဟာကြီး စသည့်ယှဥ်ပြိုင်မှုများဖြင့် ဝိုင်းဖွဲ့ခတ်ပြိုင်ပွဲအား ယှဥ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲအား မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ထက်၊ ဒုဥက္ကဋ္ဌ ဦးသော်တာ ဒုဥက္ကဋ္ဌ ဦးမြတ်ငြိမ်းညိုနှင့် ရန်ကုန်တိုင်းဒေသကြီး နည်းပညာကော်မတီ ဦးဒေးဗစ်နှင့်အဖွဲ့ဝင်များမှ ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အသင်းများက အကြိတ်အနယ်ဆက်လက် ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သက်မင်းဟန်(ပြန်/ဆက်)