သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်

သထုံ ဩဂုတ် ၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအုပ်မှ ရေဘေးသင့်ပြည်သူများအား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဇူလိုင် ၃၀ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါကျေးရွာရှိ ရေဘေးရှောင်စခန်းနှစ်ခုသို့ သွားရောက်ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးမှူး ဦးကျော်စွာမြင့် ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစစ်ဆေးကုသခြင်းနှင့် လိုအပ်သည့်ဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ လိုအပ်သည့်ဆေးကုသမှုများ ညွှန်းပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ဝမ်းပျက်ဝမ်း‌လျှောရောဂါ သတိပြုကာကွယ်ရေးနှင့် မဖြစ်ပွားအောင် ဂရုပြုနေထိုင်ရမည့်အချက်များ၊ သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားအောင် သတိပြုရမည့်အချက်များ စသည်တို့ကို အသိပညာပေးဆွေးနွေး‌ခဲ့ကြသည်။

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဒုံသမိချောင်းရေမြင့်တက်ကာ ကျေးရွာအနိမ့်ပိုင်း ချောင်းကမ်းနံဘေး လူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာရာ ပြီးခဲ့သည့်ဇူလိုင်လ ၂၈ ရက်နေ့ကစတင်၍ ရေလွှမ်းမိုးခံပြည်သူများအား တာဝန်ရှိသူများက ဘေးလွတ်ရာ ရွာလယ်ဓမ္မာရုံနှင့် တပ်ဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့သို့ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ယနေ့ နံနက်ပိုင်းအထိ အိမ်ထောင်စုပေါင်း ၁၀၉ စုတို့မှ လူဦးရေပေါင်း ၄၉၈ ဦးတို့အား ရွှေ့ပြောင်းပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)