ကျိုင်းတုံ ဩဂုတ် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေဒေသရှိ ကျေးရွာ ၄ ရွာ စိမ့်စမ်းရေသွယ်ယူခြင်း(၉/၀)မိုင် လုပ်ငန်းဖွင့်ပွဲကို ယနေ့တွင် လွိုင်မွေတောင်စခန်းမြို့၌ ကျင်းပသည်။
ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သဇင်က လွိုင်မွေဒေသအတွက် စိမ့်စမ်းရေသွယ်ယူခြင်း(၉/၀)မိုင် လုပ်ငန်းဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒေသခံပြည်သူတစ်ဦးက စိမ့်စမ်းရေသွယ်ယူပေးခြင်းလုပ်ငန်းကြောင့် လွိုင်မွေဒေသကျေးရွာ ၄ ရွာတွင် ၁၂ ရာသီပတ်လုံး သောက်သုံးရေဖူလုံစွာရရှိခဲ့သည့်အပြင် လွိုင်မွေဒေသအနီး တောင်ပေါ်ကျေးရွာ ၆ ရွာ ကိုလည်း သောက်သုံးရေဖြန့်ဝေပေးနိုင်ခဲ့၍ စီစဉ်ဆောင်ရွက်ပေးသည့် နိုင်ငံတော်နှင့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိကြောင်းနှင့် ရေသွယ်ယူခြင်းလုပ်ငန်းအား ရေရှည်တည်တံ့ကောင်းမွန်အောင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်အတူ ဒေသခံပြည်သူများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
ထို့နောက် လွိုင်မွေဒေသရှိ ကျေးရွာ ၄ ရွာ စိမ့်စမ်းရေသွယ်ယူခြင်း(၉/၀)မိုင် လုပ်ငန်းအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)