မိတ္ထီလာ သြဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် UID (စမတ်ကတ်) များကို ဆောင်ရွက်ပေးလျက်ရှိရာ လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိသည့် အဘိုးအဘွားများအား ယမန်နေ့က အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် UID (စမတ်ကတ်)များကို မိတ္ထီလာမြို့နယ်ဦးစီးမှူရူံးတွင် ရုံးဖွင့်ရက်နေ့များတွင် နေ့စဉ်နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြန်မာ့စီးပွားရေးဘဏ် မိတ္ထီလာခရိုင် ဘဏ်ခွဲတွင်လည်း လစဉ် ၂၁ ရက်နေ့မှ လကုန်ရက်အထိ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာမှ မြို့နယ်ဦးစီးမှူးရုံးနှင့် မြန်မာ့စီးပွားရေးဘဏ် မိတ္ထီလာခရိုင်ဘဏ်ခွဲသို့ ကျန်းမာရေးမကောင်း၍ UID (စမတ်ကတ်) များ လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိသည့် အဘိုးအဘွားများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက ပထမအဆင့်အနေဖြင့် မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈ စုတို့ကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ အောင်ဆန်းရပ်ကွက်နှင့် ပေါက်ချောင်းရပ်ကွက်များရှိ အဘိုး အဘွား ၁၂ ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)