မြစ်သား ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို မင်းကုန်းရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးကျန်းရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်းကာ ခြင်အလွယ်တကူ ပေါက်ပွားနိုင်သည့် သောက်သုံးရေကန်များ၊ ရေအိုးများ၊ ဘုရားပန်းအိုးများ၊ ကားတာယာများ၊ အိုးခွက်များ စသည့် ခြင်ခိုအောင်းနိုင်သည့်နေရာ များတွင် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် သွေးလွန်တုတ်ကွေးရောဂါကာကွယ် နိုင်ရန်အတွက် ခြင်ဖြစ်စေတဲ့ ပိုးလောက်လန်းများ မပေါက်ပွားအောင် မင်းကုန်းရပ်ကွက် အတွင်းရှိ အိမ်ခြေ(၁၂၀)အတွက် သောက်သုံးရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)