ကျောက်ဆည် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာ၌ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇာ်မင်းလတ်နှင့်ဝန်ထမ်းများသည် “ရွှေလရောင်” ကြက်သွန်ပေါင်းကြော်လုပ်ငန်း၊ “ကျော်” ကိတ်ခြောက်လုပ်ငန်း၊ “မင်းသူဇော်”ကိတ်အမျိုးမျိုးလုပ်ငန်း၊ “ကံမြင့်သူ” ကြက်သွန်ပေါင်းကြော်လုပ်ငန်းများသို့ ကွင်းဆင်း၍ ထုတ်ကုန်များတွင် ပါဝင်သည့် ပါဝင်ပစ္စည်းများ၊ ထားသိုနည်းများ၊ စားသုံးရန်အညွှန်းများ၊ သတိပြုရန် အချက်အလက်များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို အားပေးလျက်ရှိပြီး လုပ်ငန်းသုံးစားအုန်းဆီများ သတ်မှတ်အရည်အသွေးနှင့်ပြည့်မီရေးနှင့် လုပ်ငန်းခွင်၌ မှန်ကန်စွာ သုံးစွဲရေး၊ ကုန်ချောများထုတ်လုပ်ရာ၌ အရည်အသွေးပြည့်ဝသည့် ကုန်ကြမ်းပစ္စည်းများ သုံးစွဲရေး၊ ထုတ်ကုန်များကို ကျန်းမာရေးနှင့်အညီ သန့်ရှင်းသပ်ရပ်စွာထုပ်ပိုး၍ အလေးထားဆောင်ရွက်ရေး၊ ကုန်အညွှန်းအမှတ်သားများ ပြည့်စုံမှန်ကန်စွာထည့်သွင်းဖော်ပြရေး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်ရေးနှင့် သက်ဆိုင်ရာဌာနများ၏ ပြဌာန်းချက်များ လိုက်နာစေရေးများကို စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)