ဟားခါးမြို့၌ မွေးမြူရေးအသိပညာပေးဟောပြောပွဲနှင့် တိရစ္ဆာန်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

ဟားခါး ဩဂုတ် ၁

မွေးမြူရေးအသိပညာပေးဟောပြောပွဲနှင့် တိရစ္ဆာန်ကုသဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဟားခါးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ် ၊ ခရိုင် ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် နွားနောက် ၊ ဝက် ၊ ဆိတ် ၊ ကြက်မွေးမြူးရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားများနှင့် လိုအပ်ချက်များ ပွင့်လင်းစွာဆွေးနွေးအဖြေရှာရန် ၊ မွေးမြူသူတောင်သူများ၏ လိုအပ်ချက်၊ တင်ပြချက်များကို သက်ဆိုင်ရာဌာနများအလိုက် ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်နှင့် မွေးမြူသူတောင်သူများ မွေးမြူထုတ်လုပ်ရေးနှင့် တိရစ္ဆာန်ကူးစက် ရောဂါများအကြောင်း ပိုမိုသိရှိစေရန် ရည်ရွယ်ချက်များဖြင့် အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်း ၊ ချင်းပြည်နယ်တွင် လူတစ်ဦးချင်း အသား၊ နို့၊ ဥ စားသုံးမှုမှာ ဒေသတွင်းထုတ်လုပ်မှုအရ ဖူလုံမှုမရှိသေးကြောင်း ၊ ဒေသတွင်း မွေးမြူထုတ်လုပ်နိုင်သည့် နွားနောက်၊ ကျွဲ၊ နွား၊ ဝက်နှင့် တိုင်းရင်းကြက်တို့ကို တစ်နိုင်တစ်ပိုင်မှ တစ်အုပ် တစ်မ ၊ ထိုမှတစ်ဆင့် စီးပွားဖြစ် မွေးမြူထုတ်လုပ် နိုင်မှသာ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ တင်သွင်းမှုမှ ကင်းလွတ်ပြီး အသား၊ နို့၊ ဥ လုံလောက် စွာ စားသုံးနိုင်မည်ဖြစ်ကာ ကျေးလက်လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် အထောက်အကူပြုလာ မည်ဖြစ်ကြောင်း၊ နွားနောက်၊ ကျွဲ၊ နွားများကို လွှတ်ကျောင်းစနစ်မှ တစ်ဝက်ခြံလှောင်စနစ်နှင့် ခြံလှောင်စနစ်သို့ ကူးပြောင်းမွေးမြူရာတွင် အာဟာရပြည့်ဝသည့် တိရစ္ဆာန်အစာပင်များစိုက်ပျိုးခြင်း သည် အဓိကကျသည့် အခန်းကဏ္ဍဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၅−၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဟားခါးမြို့နယ်နှင့် တီးတိန်မြို့နယ်များတွင် တိရစ္ဆာန်အစာပင်မြတ်မျိုးများ စံပြစိုက်ခင်းအဖြစ် သရုပ်ပြစိုက်ပျိုးပြီး ဒေသရာသီဥတုနှင့်ကိုက်ညီသည့် မြက်မျိုးကို ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း ၊ ချင်းပြည်နယ်အတွင်း အသားကဏ္ဍဖူလုံရေး၊ နွားနောက်သားခြောက်နှင့် စည်သွပ်ဗူးထုတ်လုပ်နိုင်ရေး နှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရ၊ သက်ဆိုင်ရာဌာနများနှင့် မွေးမြူသူ တောင်သူများ စည်းချက်ညီညီ ဆောင်ရွက်ရန်လိုကြောင်းနှင့် တက်ရောက်လာကြသည့် မွေးမြူသူ တောင်သူများအနေဖြင့် မိမိတို့၏လိုအပ်ချက်၊ အခက်အခဲများကို ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေး တင်ပြကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က နွားနောက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် တိရစ္ဆာန်အစာများကိုလည်းကောင်း၊ ချင်းပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာသိန်းလွင်က ဝက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် တိရစ္ဆာန်ကုသဆေးဝါးများကိုလည်းကောင်း၊ ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးက ကြက်မွေးမြူရေးလုပ်ငန်းရှင်များအတွက် တိရစ္ဆာန်အစာများကိုလည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးအောင်က ဆိတ်မွေးမြူရေးလုပ်ငန်းရှင်များအတွက် တိရစ္ဆာန်အစာ များကို လည်းကောင်း ပေးအပ်ကြသည်။

ယင်းနောက် ချင်းပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာသိန်းလွင်က ချင်းပြည်နယ်အတွင်း တိရစ္ဆာန်မွေးမြူထားရှိမှု၊ အသားကဏ္ဍဖူလုံမှုအခြေအနေ၊ မွေးမြူ ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သည့်နည်းလမ်းများနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီးနောက် ဒေသထွက်စိုက်ပျိုးရေးထုတ်ကုန်များဖြင့် တိရစ္ဆာန် အစာထုတ်လုပ်နိုင်မည့်အခြေအနေများကို ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးက လည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး(ပြည်နယ်ရန်ပုံငွေ)ဖြင့် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များကို ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဇော်နိုင်ကလည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မွေးမြူရေးကဏ္ဍအတွက် ချေးငွေထုတ်ချေးရာတွင် မြို့နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များကို ဟားခါးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကလည်းကောင်း ရှင်းလင်းဟောပြောကြပြီး အခမ်းအနားတက်ရောက်လာကြသည့် မွေးမြူရေးတောင်သူများက မိမိတို့လက်ရှိမွေးမြူရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများ ၊ ကြုံတွေ့ရသည့်အခက်အခဲများနှင့် လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးတင်ပြကြပြီး တာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များနှင့် အကြံဉာဏ်များကို ပြန်လည်ရှင်းလင်းကြကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဦးစီးမှူးများက မွေးမြူထုတ်လုပ်မှုဆိုင်ရာနှင့် တိရစ္ဆာန်ကူးစက်ရောဂါဆိုင်ရာများကို ဟောပြောပို့ချခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)