နေပြည်တော် ဇူလိုင် ၃၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာ၊ ပင်လောင်းလမ်းဘေးရှိ တောင်သူ ဒေါ်ခိုင်၏ လယ်မြေပေါ်တွင် ယနေ့နံနက်ပိုင်းက လက်ဆွဲမျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူအသိပညာပေး သရုပ်ပြပွဲကျင်းပ ပြုလုပ်ခဲ့ရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် ဦးဟန်သူ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် ဦးဟန်သူတို့က တောင်သူများအနေဖြင့် ကြဲခင်းစနစ် ပပျောက်စေရန်အတွက် မျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးဆောင်ရွက်ရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့်စိုက်ပျိုးနိုင်ရေး၊ သီးနှံများ ပန်းတိုင် အထွက်နူန်းရရှိရေး၊ သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေး၊ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် သီးနှံစိုက်စွမ်းအားမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးမှ တောင်သူများအား စိုက်ပျိုးရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် ဝောာင်သူများအား နေပြည်တော်ကောင်စီဝင် ဦးမင်းဦးနှင့် ဦးဟန်သူတို့မှ အောင်နိုင်တိုးမျိုးစပါးနှင့် ထိုင်းနှံကောက်မျိုးစပါးများ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကာ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း လက်တွေ့သရုပ်ပြ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)