နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ပျဉ်းမနားမြို့နယ် ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် ဇူလိုင် ၃၁

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ အေးချမ်းမွန်ပုဂ္ဂလိကမူလတန်းကြိုကျောင်း၊ သူ့ထက်သာ ပုဂ္ဂလိကမူလတန်းကြိုကျောင်း၊ လင်းလက်အိမ်ပုဂ္ဂလိကမူလတန်းကြိုကျောင်းများ တည်ထောင်ခွင့်ပြုမိန့် ဒုတိယအကြိမ် သက်တမ်းတိုးမြှင့်ခွင့်ရရှိနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နေပြည်တော်ကောင်စီဝင်က တည်ထောင်ခွင့်ပြုမိန့် ရရှိထားသောကျောင်းများအား သက်တမ်းမကုန်မီသက်တမ်းတိုးများ လျှောက်ထားနိုင်ရေးအတွက် အသိပေးခြင်းများပြုလုပ်သွားရန်၊ ကလေးငယ်များအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး သင့်လျော်သော စာသင်ခန်း၊ ကစားကွင်းများ၊ သန့်ရှင်းသောသောက်ရေနှင့် ကောင်းမွန်သောကျန်းမာရေးစနစ်များ ထားရှိပေးရန်၊ မူကြိုပညာရေးသည် ကလေးငယ်များ၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ၎င်းတို့၏အရည်အသွေးကို မြှင့်တင်ဆောင်ရွက်ပေးရန်၊ ကျောင်းသုံးပစ္စည်းများ ပြည့်စုံစွာထောက်ပံ့ပေးရန်နှင့် မိဘများအား ပညာရေးတွင် ပိုမိုပါဝင်လာစေရေး အလေးထားဆောင်ရွက်သွားရန်၊ သင်ကြားရေးနှင့် သင်ယူမှုပတ်ဝန်းကျင် ကောင်းမွန်စေခြင်းဖြင့် ကလေးဗဟိုပြုသင်ခန်းစာများ၊ နည်းပညာနှင့်အညီ ခေတ်မီပညာရေးနည်းစနစ်များကို ကလေးများအရွယ်နှင့် ကိုက်ညီစွာ မိတ်ဆက်သင်ကြားပေးရန်နှင့် ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များအတွက် အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)