ပူတာအိုခရိုင်၌ ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသမှုများပြုလုပ်

ပူတာအို ဇူလိုင် ၃၁

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဉီးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (ပူတာအို)နှင့် ပူတာအိုခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် ငလျင်အန္တရာယ်နှင့်ကြုံတွေ့လာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းနိုင်သမျှ နည်းပါးအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းကို ယမန်နေ့ ညနေ(၃)နာရီခွဲက အဆိုပါသင်တန်းကျောင်း (ပူတာအို)၌ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်မီးသတ်ဦးစီးဌာန ခရိုင်ဦးစီးမှူး ဉီးသိန်းထိုက်က ယခင်လှုပ်ခတ်မှုများတွင် ထိခိုက်ပျက်စီးမှုနည်းပါးသော်လည်း ယခုအခါခေတ်မီဖွံ့ဖြိုးလာသည်နှင့်အမျှ အထပ်မြင့်တိုက်အဆောက်အအုံများ တည်ရှိလာခြင်း၊ လူနေထူထပ်မှုများပြားလာခြင်းနှင့် လူနေမှုအဆင့်မြင့်မားလာခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များရှိလာနိုင်ခြင်းတို့အတွက် ယခုလိုကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်မီးသတ်ဉီးစီးမှူး ဦးသိန်းထိုက်၊ မြို့နယ်မီးသတ်ဉီးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတိတု တို့၏ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မြေငလျင်ဖြစ်ပွားပြီးနောက် ဖြစ်ပွားနိုင်သော မီးဘေးအန္တရာယ်နှင့်သစ်ပင်များပြိုလဲခြင်း၊ တိုက်အဆောက်အအုံများ ပြိုကျပိတ်မိခြင်းများ ရှိလာပါက စက်ပစ္စည်းကိရိယာများ အသုံးပြု၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပထမအထပ်တွင် ပိတ်မိနေသော လူနာများအား လူနာထမ်းစင်ဖြင့် ကယ်ဆယ်ခြင်း၊ ဒုတိယ အထပ်တွင် ပိတ်မိနေသော လူနာများအား မီးသတ်သမားကြိုးချည်နည်းဖြင့် ကယ်ထုတ်ခြင်း၊ အထပ်မြင့်တွင်ပိတ်မိနေသော လူနာများအား ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ Tripot စနစ်၊ ဝန်အားလျော့ချနည်း၊ ကြိုးချည်နည်းဖြင့် လူနာအားကယ်ထုတ်ခြင်း၊ ကယ်ထုတ်လာသော လူနာများအား ကူညီကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သရုပ်ပြသခဲ့ကြ သည်။

အဆိုပါငလျင်ဇာတ်တိုက် လေ့ကျင့်ရာသို့ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဉီးသန်းထွေး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို) ကျောင်းအုပ်နှင့်နည်းပြဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)