မိတ္ထီလာတက္ကသိုလ်၌ ကြက်ခြေနီရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂ဝ၂၅)ဆင်းပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ ဇူလိုင်၃၁

မိတ္ထီလာတက္ကသိုလ်၌ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မိတ္ထီလာတက္ကသိုလ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းဖွင့်လှစ်သော ကြက်ခြေနီရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂ဝ၂၅) ဆင်းပွဲအခမ်းအနားကို  ဇူလိုင် ၃ဝ ရက် မွန်းလွဲ ၂ နာရီက  အဆိုပါတက္ကသိုလ်၏ ဝန်ဇင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အခြေခံကြက်ခြေနီသင်တန်းမှ သင်တန်းသူသင်တန်းသား များက စေတနာလုပ်အားခြင်းသီချင်းဖြင့် သီဆို၍အခမ်းအနားကိုဖွင့်လှစ်သည်။ ထိုနောက် မိတ္ထီလာတက္က သိုလ် ပါမောက္ခချုပ်ဒေါက်တာဘဟန် နှင့် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဦးကျော်ဇေယျတို့က သင်တန်းဆင်းအမှာစကားပြောကြားပြီး တက္ကသိုလ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ သမိုင်းဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာမြင့်မြင့်သိန်းက ကျေးဇူးတင်စကားပြောကြားသည်။ ဆက်လက်၍ အခြေခံ ကြက်ခြေနီသင်တန်းမှ သင်တန်းသူသင်တန်းသားများက ပတ်တီးစည်းသရုပ်ပြသခြင်းနှင့် ကြက်ခြေနီများ၏ အများကျိုးဆောင်ရွက်မှုသရုပ်ဖော်တစ်ခန်းရပ်ပြဇာတ် သရုပ်တင်ဆက်ခြင်းတို့ကို ပြုလုပ်သည်။ ထိုနောက် မိတ္ထီလာတက္ကသိုလ်ကိုယ်စားပြုစံပြကြက်ခြေနီ ဆုရရှိသူကျောင်းသားနှင့် သင်တန်းတွင် ထူးချွန်ဆုရရှိသူ များ အား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ သင်တန်းသူ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း ၊ သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အမှတ်တရဂုဏ်ပြုလက်ဆောင်များ ကိုလည်းကောင်း ပါမောက္ခချုပ် နှင့်တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါသင်တန်းအား ဇူလိုင် ၁၂ရက်၊ ၁၃ရက်၊ ၂ဝရက်နှင့် ၂၆ ရက်တို့တွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့ သင်တန်းသူသင်တန်းသား ၁၇၄ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

ချမ်းသာ