ဘားအံမြို့တွင်သံလွင်မြစ်ရေမြင့်တက်မှုကြောင့်ယာယီကယ်ဆယ်ရေးစခန်း(၂၄)ခု ဖွင့်လှစ်ပြီး ရေဘေးသင့် ပြည်သူ ၁၀၃၉၅ ဦးအား ပြောင်းရွှေ့ထား

ဘားအံ       ဇူလိုင်  ၃၀

ကရင်ပြည်နယ်၊ ဘားအံမြို့တွင်  မိုးများအဆက်မပြတ်ရွာသွန်းပြီး  သံလွင်မြစ်ရေသည် စိုးရိမ်ရေအမှတ်အထက် ကျော်လွန်ပြီး မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်လျှက်ရှိသည့် ရေဘေးသင့်ပြည်သူ ၁၀၃၉၅ဦးအား ယာယီကယ်ဆယ်ရေးစခန်း(၂၄)ခုတို့တွင် ပြောင်းရွှေ့နေရာချထားပေး ကြောင်းသိရသည်။

ထိုသို့ပြောင်းရွှေ့ အိမ်ထောင်စုများအား အချိန်နှင့် တစ်ပြေးညီ ပြောင်းရွှေ့နေရာချထား ပေးနိုင်ရေးအတွက် ပြည်နယ်၊ ခရိုင်၊ မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ၏ ကြီးကြပ်မှုဖြင့်  သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ တပ်မတော်သားများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊   ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုအဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘားအံမြို့တွင် မိုးလုံလေလုံအားကစား၊ အထက(၁)မြကြေးမုံ၊ ရွှေယဉ်မျှော်ဘုရား၊ အစ္စလမ်ပရ ဟိတကျောင်း၊ အထက(၃)အားကစားရုံ၊ အမှတ်(၃)ရပ်ကွက် သဘာဝဘေးဒဏ် ကာကွယ်ရေး အဆောက်အအုံ ၊ အထက(ခွဲ)-၃ အမှတ်-၅ရပ်ကွက်၊ အမှတ်(၅)ရပ်ကွက် သဘာဝဘေးဒဏ် ကာကွယ်ရေး အဆောက်အအုံ ၊ ပြည်နယ်ကမ္မဌာန်းကျောင်း၊ မူလွန်(၃) အမှတ်(၉)ရပ်ကွက်၊ အလက(ခွဲ)လှာကမြင်၊ အမှတ်(၇)၊ အမှတ်(၆) ရပ်ကွက်၊ အထက (မုက္ကဒိ)၊ ကူးဆိပ်ဘုန်းကြီးကျောင်း၊ အမက(၄)ကူးဆိပ်၊ လှာကာ၊ အိမ်တိုင်ကုန်းဘုန်းကြီးကျောင်း၊ အမက(၈)၊ အမှတ်(၁)ရပ်ကွက်၊ အမက(၁၁)၊ အမှတ်(၄)ရပ်ကွက်၊ မူလွန်(၁၀)၊ အမှတ်(၆) ရပ်ကွက်၊ အထက(၄)၊ အမှတ်(၄)ရပ်ကွက်၊ ကျောင်းကြီးဘုန်းကြီးကျောင်း (ဘားကပ်)၊ အမက(၂)၊ကူးဆိပ်၊ လှာကာ၊  အလကခွဲ(ဝင်းကျန်)နှင့် အထက(၅)၊ အမှတ်(၂)ရပ်ကွက် စုစုပေါင်း ယာယီရေဘေးကယ်ဆယ်ရေး စခန်း (၂၄)ခု တို့တွင် အိမ်ထောင်စု ၂၂၉၈စု၊ လူဦးရေ အမျိုးသား ၄၈၉၇ဦး၊ အမျိုးသမီး ၅၄၉၈ဦးစုစုပေါင်း (၁၀၃၉၅)ဦးအား ယာယီပြောင်းရွှေ့နေရာချထားပေးပြီးဖြစ်သည်။

၎င်းတို့ကို ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များမှ နေ့စဉ်အခြေခံ စားသောက်ကုန်များ ပေးအပ်လှူဒါန်းလျက်ရှိကြောင်းနှင့် ကျန်းမာရေးဦးစီးဌာနမှလည်း ကျန်းမာရေးစောင့်ရှောက် ပေးမှု များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)