သာစည် ဇူလိုင် ၃၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့တွင် ဒေသခံတောင်သူများ လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုလာစေရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်းဆောင်ရွက်လာစေရန်နှင့် လုပ်သားရှားပါးမှုပြဿနာများအား ကျော်လွှားနိုင်စေရန် ရည်ရွယ်၍ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၂၆) စက်မှု လယ်ယာစခန်းက Kubota ကောက်စိုက်စက်နှင့်တွဲဖက်အသုံးပြုသည့် (၁၀)တန်းသွား မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇူလိုင် ၃၀ ရက်နံနက် ၉ နာရီခွဲက ကုက္ကိုစုကျေးရွာ ကွင်းအမှတ် ၁၈၇၃ ဦးပိုင်အမှတ် ၈၀/၁ တောင်သူဦးထင်အောင်၏ လယ်မြေနှစ်ဧက၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ဒေသခံတောင်သူများနှင့်တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က အမှာစကားပြောကြားပြီး မိတ္ထီလာခရိုင် စက်မှုလယ်ယာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်သန်းက သရုပ်ပြပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးချမ်းမြဇော်က မျိုးစေ့ချကိရိယာအသုံးပြုခြင်း အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တောင်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာသူများက ခင်းကျင်းပြသထားသော လက်စွဲကောက်စိုက်စက်နှင့် Kubota ကောက်စိုက်စက်ကိရိယာများကို ကြည့်ရှုလေ့လာကြပြီး (၁၀) တန်းသွား မျိုးစေ့ချကိရိယာဖြင့် လက်တွေ့ မိုးစပါးစိုက်ပျိုးခြင်းအား ကြည့်ရှုလေ့လာခဲကြကြောင်း သိရသည်။
အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်စက်မှုလယ်ယာဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များ၊ စက်မှုလယ်ယာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ ကုက္ကိုစုကျေးရွာ၊ မရွေးကျေးရွာနှင့် သနပ်ကန်ကျေးရွာတို့မှ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)