ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလေ့ကျင့်ခန်း ဆောင်ရွက်နေမှုအား လာရောက်ကြည့်ရှုအားပေး

ဇမ္ဗူသီရိ ဇူလိုင် ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team) ဖွဲ့စည်းရန် ရည်ရွယ်၍ ၁၂-၅-၂၀၂၅ ရက်နေ့မှ ၁-၈-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် (၁၂) ပတ်ကြာ စုဖွဲ့ လေ့ကျင့်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ အထူးရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် (၁၀၀) ဦးတို့သည် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ လက်တွေ့ကယ်ဆယ်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လေ့ကျင့်ဆောင်ရွက်မှုကို မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ငလျင်ဘေးအန္တရာယ် ရုတ်တရက်ကျရောက်ပါက အဆောက်အအုံပြိုကျပျက်စီးမှုများတွင် ထိခိုက်ဒဏ်ရာရရှိသူများကို အချိန်နှင့်တပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေရန်၊  နိုင်ငံတကာ မြို့ပြရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့များနည်းတူ အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များ ရင်ဘောင်တန်းဆောင်ရွက်နိုင်စေရန်နှင့် မီးသတ်ဦးစီးဌာနတွင် မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Medium Urban Search and Rescue Team) ကို အပြည်ပြည်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေး အကြံပေးအဖွဲ့ (International Search and Rescue Advisory Group-INSARAG) ၏ စံချိန်စံညွှန်း သတ်မှတ်ချက်များနှင့်အညီ ဖွဲ့စည်းနိုင်ရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထူးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များမှ မြို့ပြရှာဖွေကယ်ဆယ်ရေး နည်းစနစ်များဖြစ်သည့် ပြိုကျနံရံများ ဒေါက်ထောက်ခြင်း နည်းစနစ်(Shoring Techniques)၊ ကြိုးအသုံးပြု၍ ထမ်းစင်ချ ကယ်ဆယ်ရေးနည်းစနစ် (Rope Rescue Techniques)၊ အခန်းတွင်း ပိတ်မိနေသူများအား နံရံထွင်းဖောက်ဖြတ်တောက် ကယ်ဆယ်ခြင်း နည်းစနစ် (Breaking and Breeching Techniques) များကို လက်တွေ့လေ့ကျင့်ပြသခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့‌ကြောင်း သိရသည်။ 

အခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်ကျော်ကျော်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ်နှင့် တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နီလာ (ပြန်/ဆက်)