လယ်ဝေး ဇူလိုင် ၃၀
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့်၊ သစ်ကြိမ်းကျေးရွာအနီးရှိ မဲဟော်ချောင်းတံတား ထိခိုက်ပျက်စီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုးတို့သည် လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး နီဦးခဲ၊ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူရနှင့် အဖွဲ့ဝင်များ၊ လမ်းကြီးကြပ်ရေးဦးစီးဌာန၊ ကျေးလက်လမ်းနှင့်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ လိုက်ပါလျက် သစ်ကြိမ်းကျေးရွာအနီး ပေ ၆၀၀ ကျော်အရှည်ရှိ မဲဟော်ချောင်းတံတား၏ တံတားအလယ်တိုင်ထိခိုက်ပျက်စီးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးသည်။ ထိုသို့စစ်ဆေးရာ နေပြည်တော်ကောင်စီဝင်များက ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေး၊ ကုန်စည်စီးဆင်းမှုချောမွေ့စေရေး၊ ဒေသခံများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နှောင့်နှေးကြန့်ကြာမှု မရှိစေရေးတို့အတွက် သက်ဆိုင်ရာဌာနများမှ အမြန်ဆုံးဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)