နေပြည်တော် ဇူလိုင် ၃၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာကွင်းအမှတ် ၁၆၄၂၊ တောင်သူ ဦးဖြိုးအောင်၏လယ်၌ ကျင်းပပြုလုပ်သည့် လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ အခမ်းအနားကို တက်ရောက်သည်။
ဦးစွာ နေပြည်တော် စိုက်ပျိုးရေးဌာနမှူးမှ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ ကြဲခင်းစနစ်ပပျောက်စေရန်အတွက် မျိုးစေ့ချကိရိယာများ၊ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးဆောင်ရွက်ရေး၊ မိုး၊ ဆောင်း၊ နွေရာသီပြည့်စိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နူန်းရရှိရေး၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးနှံစိုက်စွမ်းအားမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံ အသုံးပြုဆောင်ရွက်ရေး၊ ပေါ်ဆန်းမွှေးနှင့် အောင်နိုင်တိုးစပါးမျိုးများ တိုးချဲ့စိုက်ပျိုးရေးတို့ကိုမှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်နိုင်တိုးမျိုးစပါးကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက မျိုးစပါးများ၊ နေကြာနှင့် ပဲတီစိမ်းမျိုးများ၊ သွင်းအားစုများနှင့် လက်ဆွဲမျိုးစေ့ချကိရိယာများအားလည်းကောင်း တောင်သူများထံ ပေးအပ်ကြသည်။
ထို့နောက် လက်ဆွဲမျိုးစေ့ချကိရိယာနှင့် မျိုးစေ့ချစက်များဖြင့် မိုးစပါးစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးရခြင်းနှင့်ပတ်သက်၍ တောင်သူများအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)