နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် e-Government အကောင်အထည်ဖော်ရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် ဇူလိုင် ၃၀

နေပြည်တော် e-Government အကောင်အထည်ဖော်ရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နိုင်ငံတော်အစိုးရ၏ ကောင်းမွန်သော ဝန်ဆောင်မှုများကို ပြည်သူလူထုထံသို့ မြန်ဆန်လွယ်ကူထိရောက်စွာ ဖြန့်ဖြူးပေးနိုင်ရန်နှင့် ရုံးဌာနအချင်းချင်းဆက်သွယ်ဆောင်ရွက်ရာတွင် လွယ်ကူလျင်မြန်လာစေရန်အတွက် e-Government စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ e-Government ကို အကောင်အထည်ဖော်ရာတွင် သတင်းအချက်အလက်များ လွယ်ကူလျင်မြန်စွာ စီးဆင်းနိုင်ရေးနှင့် ကျိုးပေါက်မှုမရှိစေရေးအတွက် တိကျစွာလိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ အမျိုးသားအဆင့် e-Government ဦးဆောင်ကော်မတီမှ အတည်ပြုထားသည့် Myanmar e-Government Master Plan(2030)ပါ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ဌာနဆိုင်ရာများ၏ သတင်းအချက်အလက်များ online ပေါ်သို့ ပေါက်ကြားမှုမရှိစေရေးအတွက် အလေးထားလိုက်နာဆောင်ရွက်သွားရန်လိုကြောင်း၊ Digital နည်းပညာများ၏ ခြိမ်းခြောက်မှုနှင့် အန္တရာယ်များလျော့ပါးလာစေရေးနှင့် ပြည်သူဗဟိုပြုသည့် e-Government ဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို မျက်ခြေမပြတ် ကြိုးပမ်းဆောင်‌ရွက်သွားကြရန်လိုကြောင်း၊ ထုတ်ပြန်ထားသည့် e-Government နှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များကို အလေးထား‌ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် e-Government အကောင်အထည်ဖော်ရေးဦးစီးကော်မတီဝင်များနှင့် ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)