နေပြည်တော် ဇူလိုင် ၃၀
နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)၏ စိတ်လူမှုဆက်ဆံရေးဆိုင်ရာအထောက်အပံ့ပေးခြင်း (Psycho-Social Support) ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ Mandalay Paradise တော်ဝင်ခန်းမ၌ ကျင်းပရာ ဟောပြောပွဲသို့ ဒေါက်တာဇော်စိန်လွင် ကထိက/စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(ဗဟို)မှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းနှင့် CEC များ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) ဥက္ကဋ္ဌ ဒေါ်မော်မော်ထွန်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နေပြည်တော် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ နေပြည်တော် အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်ကလေးအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ ဗဟိုအသင်းမှ တွဲဖက်အတွင်းရေးမှူး ဒေါ်ခင်မြဝင်းက အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်း(MWCDF)ဥက္ကဋ္ဌ ဒေါ်မော်မော်ထွန်းက ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ဘေးအန္တရာယ်ကျရောက်ပြီး စိတ်ဒါဏ်သင့်မှု၊ နာကျင်မှုများကြုံတွေ့နေရသူများကို အန္တရာယ်ရပ်ဝန်းမှ ဘေးကင်းစွာထားရှိပြီး စိတ်လူမှု၊ ပံ့ပိုးမှု၊ ကူညီဆောင်ရွက်ခြင်း၊ ကျွမ်းကျင်မှုများရရှိစေရန် ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေါက်တာဇော်စိန်လွင် (ကထိက/ စိတ်ရောဂါအထူးကုဆရာဝန်ကြီး)မှ “Psycho-Social Support” ခေါင်းစဉ်ဖြင့် စိတ်လူမှုဆက်ဆံရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ စိတ်လူမှုဆက်ဆံရေး ထောက်ပံ့ကူညီသူများတွင် ရှိရမည့်အရည်အချင်းများ၊ စိတ်လူမှုဆက်ဆံရေးဆိုင်ရာ အထောက်အပံ့များကို အကျယ်တဝင့် ရှင်းလင်းဟောပြောရာ တက်ရောက်သူများက သိရှိလိုသည်များကို မေမြန်းကြပြီး ဆရာဝန်ကြီးမှ ပြန်လည်ဖြေကြားပေးခဲ့သည်။
ယင်းနောက် ဆရာကြီးအား နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း (MWCDF)မှ ဂါရဝပြုလက်ဆောင်များပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)