တပ်ကုန်း ဇူလိုင် ၂၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် နည်းပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ရှောက်ကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ ရှောက်ကုန်းကျေးရွာအုပ်စုမှ ကျေးရွာပေါင်း ငါးရွာနှင့် ကျားသေအိုင်ကျေးရွာအုပ်စုမှ ကျေးရွာပေါင်းနှစ်ရွာမှ တောင်သူများတက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်) သီးနှံကာကွယ်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းသန်းဦးဆောင်သည့် ပညာရှင်အဖွဲ့က တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မျိုးကောင်း၊ မျိုးသန့်ရွေးချယ်စိုက်ပျိုးခြင်း၊ ရိုးပြတ်များဆွေးမြေ့ရန်ဆောင်ရွက်ရမည့်နည်းလမ်း၊ မြေဆီလွှာနှင့် ရေဓာတ်ခွဲစစ်ဆေးခြင်း၊ မြေဩဇာထည့်သွင်းခြင်းနည်းစနစ်များ၊ ပိုးမွှားရောဂါနှင့်ပေါ င်းမြက်ဘက်စုံကာကွယ်နှိမ်နင်းရေးနည်းလမ်းများကို ပညာပေးဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ယင်းနောက် တက်ရောက်လာသည့်တောင်သူများက တစ်နှစ်သုံးသီးစား သီးနှံစိုက်ပျိုးနိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးရေးနှင့်ပတ်သက်သည့် အခက်အခဲများ တင်ပြခဲ့ကြရာ ပညာရှင်အဖွဲ့(ရုံးချုပ်)၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအေးမင်းထွန်းတို့က ပြန်လည်ဖြေကြားပေးခဲ့ပြီး ကင်းသာ၊ သပြေချောင်း၊ ရွှေမြို့၊ ကံလှ၊ နွယ်ရစ်၊ ရွေးစုကျေးရွာအုပ်စုများနှင့် ကျန်ကျေးရွာအုပ်စုများတွင် ဆက်လက်ဆွေးနွေးပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်