နေပြည်တော် ဇူလိုင် ၂၉
နေပြည်တော်အဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ငလျင်ဘေးပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရေး၊ ပြန်လည်ပြုပြင်တည်ဆောက်သည့် အဆောက်အဦများ၊ လမ်းတံတားများကို ငလျင်ဘေးဒဏ်ခံနိုင်မှုရှိအောင် စံချိန်၊ စံညွှန်းနှင့်အညီ စနစ်တကျတည်ဆောက်ရေး၊ ရုံးလုပ်ငန်းပိုင်းဆိုင်ရာ စာရွက်စာတမ်းများ၊ သတင်းအချက်အလတ်များကို ပေါက်ကြားမှုမရှိစေရန် လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရေး၊ သဘာဝဘေးများကြိုတင်ကာကွယ်ရေးအတွက် လူ၊ စက်၊ ယာဉ်၊ ယန္တရားများကို စနစ်တကျကြိုတင်စုဖွဲ့ပြင်ဆင်ထားရေးနှင့် ဇတ်တိုက်လေ့ကျင့်မှုများ အမြဲမပြက်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးထွက်ကုန်များကိုအခြေခံပြီး ကုန်ထုတ်လုပ်ငန်းများနှင့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးတွင် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ မျိုး၊ မြေ၊ ရေ နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးဆောင်ရွက်ရေး၊ မွေးမြူရေးတွင် အသားတိုးနွား၊ ဒေသနွား၊ ဆိတ်နှင့် ဥစားကြက်များတိုးချဲ့မွေးမြူနိုင်ရေးနှင့် တိရိစ္ဆာန်အစာ၊ မြက်နှင့် နှံစားပြောင်းများကို ကိုယ်တိုင်စိုက်ပျိုးကျွေးမွေးနိုင်ရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ပြီး တရားမဝင်ကုန်ပစ္စည်းများသယ်ဆောင်မှုမရှိစေရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခွန်ရငွေများတိုးတက်ရရှိနိုင်ရေး၊ နေပြည်တော်အတွင်း စိမ်းလန်းစိုပြေစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် သစ်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ မြို့၊ ရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် အမြဲမပြတ်ဆောင်ရွက်နိုင်ရေး၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်းများ မှန်ကန်တိကျစွာ ပြုစုဆောင်ရွက်ရန်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး၊ နှစ်စဉ်စီမံကိန်းရည်မှန်းချက်များကို လျာထားချက်ကျော်လွန်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေးနှင့် တန်းစဥ်ကူးပြောင်းမှု မြင့်မားစေရေး၊ မိုးရာသီတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါများမဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ အမြဲမပြတ်ဆောင်ရွက်ရေး၊ ဌာနဆိုင်ရာများမှ မိမိတို့၏လုပ်ငန်းတာဝန်များအပြင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေးတို့ကို ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များမှာကြားပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)