လယ်ဝေး ဇူလိုင်၂၉
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်သူရ၊ ဒုဥက္ကဋ္ဌ ဦးဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လယ်ဝေးမြို့နယ်၊ အေလာ၊ KC တွင် ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးနှင့်ဆီထွက်သီးနှံများအတွက် သွင်းအားစုများပေးအပ်ပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ဒေသခံတောင်သူများအနေဖြင့် ရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေး၊ မြေကွက်လပ်များမကျန်စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ကြဲပက်စနစ်အသုံးမပြုဘဲ လက်ဆွဲကောက်စိုက်စက်များဖြင့် စိုက်ပျိုးရန်၊ သွင်းအားစုများကို သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာတို့ အချိုးကျထည့်သွင်းရန်၊ လယ်ကန်သင်း၊ ရေဆိုးထုတ်မြောင်းများရေပေးမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ရှင်လင်းခြင်းသစ်ပင်နှင့် အမှိုက်များဖယ်ရှားခြင်းစသည့်တို့နှင့် မိမိတို့ရပ်ကွက် ကျေးရွာအုပ်စုများအတွင်း ကျန်းမာရေးနှင့်ညီညွတ်အောင်နေထိုင်နိုင်ရေးအတွက် သန့်ရှင်းသာယာလှပရေးကို အပတ်စဉ်ဆောင်ရွက်ကြရန်၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နိုင်ရေးဝိုင်းဝန်းကူညီပေးကြရန်၊ စဉ်ဆက်မပြတ်တန်းစဉ်ကူးပြောင်းနိုင်ရေးနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းများ ကျောင်းသားများတက်ရောက်နိုင်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ရန် မှာကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးနှင့် ဆီထွက်သီးနှံစိုက်တောင်သူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစုများနှင့် မျိုးစေ့ချကိရိယာများ ပေးအပ်သည်။
ဆက်လက်၍နေပြည်တော်ကောင်စီဝင်သည် တာဝန်ရှိသူများလိုက်ပါလျက် အေလာကန်ရေသောက်၊ ကွင်းအမှတ် ၁၇၃၂ ၊ တောင်သူဦးသန်းဝင်းအောင်၏ မိုးစပါးနှံကောက် ဧက ၃၀ စိုက်ခင်းအတွင်း ကြားပေါင်းလိုက်၊ သမန်းနှိုးခြင်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးသည်။ ထို့နောက် အေလာ၊ မြို့ရှောင်လမ်းဖြတ်ရေထုတ်ပြွန်သို့ ကွင်းဆင်းစစ်ဆေးကာ ရေစီးရေလာကောင်းမွန်ရေးအတွက် ဒေသခံတောင်သူများ၊ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)