တပ်ကုန်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုနယ်မြေတာဝန်ခံ ဦးမျိုးလှိုင် အားပေးစကားပြောကြား

တပ်ကုန်း ဇူလိုင် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာဆင့်ပွားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသင်တန်းဖွင့်ပွဲတွင် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းထွန်းမင်းက ယခုကျင်းပမည့်ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရွေးကောက်ပွဲသမိုင်း၌ အီလက်ထရောနစ်စက်ကို အသုံးပြုကျင်းပသော ပထမဆုံးရွေးကောက်ပွဲဖြစ်ကြောင်း၊ မဲပေးစက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ပြည်တွင်းကျွမ်းကျင်နည်းပညာရှင်များပေါင်းစပ်ကာ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ဒီဇိုင်းပုံစံတီထွင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေးနှင့် မဲပေးစက်ကိုင်တွယ်သူများ စနစ်တကျ ကိုင်တွယ်နိုင်ရေးအဓိကဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သေချာစွာလိုက်နာမှတ်သားပြီး စနစ်တကျဆောင်ရွက်ခြင်းဖြင့် ရွေးကောက်ပွဲ၌ အငြင်းပွားဖွယ်ဖြစ်ရပ်များ၊ မဲမသမာမှုများမရှိဘဲ ပွင့်လင်းမြင်သာ၍ တရားမျှတပြီး သိက္ခာရှိသည့် ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်ပညာရေးမှူး ဒေါ်သီသီကြိုင်က ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်ဝင်းက မဲပေးစက်အသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြတာဝန်ရှိသူများနှင့် သင်တန်းတက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ဖြန့်ခွဲပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံစသည်တို့ကို လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်တန်းနည်းပြများက သင်တန်းသား၊ သင်တန်းသူ  ၃၁၂ဦးတို့အား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စာတွေ့၊ လက်တွေ့ နှစ်ရက်ကြာ သင်ကြားပို့ချပေးမည်ဖြစ်သည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုနယ်မြေတာဝန်ခံ ဦးမျိုးလှိုင် လာရောက်ကြည့်ရှုပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်