ထားဝယ် ဇူလိုင် ၂၈
တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီး ဒေါ်အေးအေးသန်း၊ တိုင်းဒေသကြီး တရားရေး ဦးစီးမှူး ဦးသိန်းထိုက်ဦးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့မရဲစခန်း(အချုပ်ခန်း) နှင့် ထားဝယ်အကျဉ်းထောင်တို့သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ထားဝယ်မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်သိန်းနိုင် က ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့်တာဝန်ရှိသူများ က အမှုစစ်ဆေးဆဲ အချုပ်သားများ ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ ဥပဒေနှင့်မညီဘဲ မတရားဆောင်ရွက်မှု ရှိ/မရှိ၊ အချုပ်တရားခံများအပေါ် နှိပ်စက်ညှင်းပမ်းမှု၊ မတရားပြုမူခြင်း ရှိ၊ မရှိ၊ အချုပ်သား/သူများ ကျန်းမာရေး ပြည့်စုံမှု ရှိ/မရှိနှင့် မကျန်းမာပါက ဆေးကုသရန် အခွင့်အရေး ရှိ/မရှိ စစ်ဆေးခဲ့ပြီးလိုအပ်သည်များ ညှိနှိုင်းပေးသည်။
ထို့နောက်တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့်တာဝန်ရှိသူများက ထားဝယ်အကျဉ်းထောင် အတွင်း ကြည့်ရှုစစ်ဆေးခဲ့ရာ အကျဉ်းထောင်တာဝန်ခံအရာရှိရုံးခန်းတွင် တိုင်းဒေသကြီး အကျဉ်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဌေးနှင့်အကျဉ်းထောင် တာဝန်ခံအရာရှိ ဦးလတ်စီတို့က အချုပ် ခံရသူများနှင့် ပြစ်ဒဏ်ကျခံနေရသူများ၏ အခြေအနေ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သောက်သုံးရေရရှိမှုတို့ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးနှင့်အဖွဲ့သည် အချုပ်ခံနေရသူများနှင့် ပြစ်ဒဏ်ကျခံနေရသူများ၏ အမျိုးသား၊ အမျိုးသမီးအဆောင်များ၊ စားဖိုဆောင်၊ အကျဉ်းထောင်ဆေးခန်း၊ အကျဉ်းထောင်ရေသန့်စက်ရုံ၊ ထောင်တွင်း စိုက်ခင်းများကို လှည့်လည်ကြည့်ရှု၍ အချုပ်ခံနေရသူများ၊ ပြစ်ဒဏ်ကျခံနေရသူများနှင့်တွေ့ဆုံပြီး နေရာထိုင်ခင်း၊ အစားအသောက်နှင့် မကျန်းမာပါက ဆေးကုသခွင့် ရှိ မရှိ၊ နှိပ်စက်ညှင်းပန်းခြင်း ရှိ မရှိ၊ အမျိုးသမီးတရားခံများကို အကာအရံဖြင့် လုံခြုံစွာထားရှိမှုအခြေအနေ၊ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေး စသည်တို့နှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)