တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာ စာကြည့်တိုက်နှင့် သပြေကုန်းကျေးရွာ စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲ ကျင်းပ

တပ်ကုန်း ဇူလိုင် ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာ “သုတရောင်ခြည် ” စာကြည့်တိုက်နှင့်သပြေကုန်းကျေးရွာ “ပညာလင်းရောင်‌ခြည်” စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်များရှေ့၌ ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရာက်ကြသည်။

ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်းက နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူငယ်၊ လူရွယ်များအား အဓိကပြုစုပျိုးထောင်ရေးလုပ်ငန်းများ ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမည်ဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများ စာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များဖန်တီးပေးရန်၊ မိမိတို့နိုင်ငံ၏ နေထိုင်မှု ပုံစံအနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ခန့်ရှိသည့် အတွက် ယခုလိုကျေးရွာများအရောက် စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း၊ ရှိနှင့်ပြီးသား ကျေးရွာစာကြည့်တိုက်များ ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာအုပ်စာစောင်များ ဖြည့်ဆည်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံမဟုတ်ဘဲ ဖတ်သမျှကိုမှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ အမှား၊ အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာ ဗဟုသုတကြွယ်ဝပြီး နောင်တစ်ချိန်တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ရွှေဥဒေါင်းကျေးရွာ “သုတရောင်ခြည်” စာကြည့်တိုက်နှင့် သပြေကုန်းကျေးရွာ “ပညာလင်းရောင်‌ခြည်” စာကြည့်တိုက်အဆောက်အအုံသစ်များကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂) ဒေါက်တာခင်မောင်ထွန်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် စာကြည့် တိုက်မှူးများနှင့် သက်ဆိုင်ရာကျေးရွာတာဝန်ရှိသူများအား စာကြည့်တိုက်ဆိုင်ရာအချက်အလက်များ၊ စာအုပ်စာစောင်များပေးအပ်လှူဒါန်းခဲ့ပြီး စာကြည့်တိုက်များအတွင်း ကျောင်းသား၊ လူငယ်လူရွယ်များ စာပေဖတ်ရှုလေ့လာနေမှုနှင့်စာအုပ်စာစောင်များ ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်