မဟာအောင်မြေ ဇူလိုင် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ပြည်သူများအား အမှိုက်အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်နိုင်စေရန် သရုပ်ပြခြင်းကွင်းဆင်းဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ် ၊ ကံလှစျေး၌ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရှိဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့ချစ်က ရပ်ကွက်နေပြည်သူများနှင့်စျေးသူ၊ ဈေးသားများအား သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအတွက် ရပ်ကွက်အတွင်း အမှိုက်များစွန့်ပစ်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိသော အမှိုက်၊ ပလတ်စတစ်အမှိုက်များကို စနစ်တကျခွဲခြားစွန့်နိုင်ရေး၊ ရပ်ကွက်တာဝန်ရှိသူများက ရပ်ကွက်အတွင်း အမှိုက်ပုံးများ စနစ်တကျစီစဥ်ထားရှိပေးရေးနှင့် ရပ်ကွက်နေပြည်သူများမှလည်း အမှိုက်များကို အမျိုးအစားခွဲခြား၍ စနစ်တကျစွန့်ပစ်ရေးအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်းများက “ကမ္ဘာတစ်ဝန်းပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး” အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း အများပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်နိုင်ရေး သရုပ်ပြခြင်းကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များနှင့်စျေးများသို့လည်း ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပြီး မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွက် အမှိုက်ပုံးများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း