နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငလျင်ဘေး ဇတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားတက်ရောက်

နေပြည်တော်  ဇူလိုင် ၂၇

နေပြည်တော်စိမ်းလမ်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယ ဘုရားအနီး၊ ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပရာနေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးက ပိတောက်ပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ မဟော်ဂနီ၊ စိန်ပန်း၊ ကုက္ကိုလ်နှင့် ပိတောက် စုစုပေါင်း ၆၀၀ ပင် စုပေါင်း စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် စာသင်ကျောင်းများ၊ ဆေးရုံများ၊ အများပြည်သူနှင့်သက်ဆိုင်သောနေရာများနှင့်မြို့၊ ကျေးရွာများအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပြည်သူလူထုများက မြို့လုံးကျွတ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့သို့သွားရောက်ပြီး မြို့တွင်းသန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက်  အမှတ်- ၁ရပ်ကွက် ရန်ကုန်-မန္တလေးပြည်ထောင်စုလမ်းမကြီး၊ အမှတ်-၂ ရပ်ကွက် အောင်ဇေယျလမ်းနှင့် လမ်းမတော်လမ်း၊ အမှတ်-၃ ရပ်ကွက် ဘုရားလမ်းနှင့် ဖောင်တော်ချက် မဘုရားဝင်းများတွင် လမ်းဘေးရေနှုတ်မြောင်းများ တူးဖော်ရှင်းလင်းခြင်း၊ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းနှင့်  စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းမကြီးနှင့် လမ်းသွယ်များရှိ လမ်းဘေး ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် စနစ်တကျ ရှင်းလင်းဆောင်ရွက်ထားရှိရေး၊ ရပ်ကွက်များအတွင်း ချုံနွယ်များ ရှင်းလင်းဆောင်ရွက်ထားရေး၊ လမ်းပခုံးများအား ကျောက်ရော မြေများဖြင့် ပြုပြင်ခင်းကျင်းဆောင်ရွက်ထားရေး၊ မိမိအိမ်ပတ်ဝန်းကျင် ကိုယ်တိုင်သန့်ရှင်းရေး ဆောင်ရွက်သည့် အလေ့အထဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ရေးတို့ကိုမှာကြားပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ထို့နောက် မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ်၊ ခေတ်ရှေ့ဆောင် ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြုလုပ်သည့် သဘာဘေးအသိပေး ဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို တက်ရောက်သည်။

 ဦးစွာနေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီ မံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက  အမှာစကားပြောကြားရာတွင် မြေငလျင်ဘေးအန္တရာယ်သည် ကြိုတင် ခန့်မှန်း သိရှိနိုင်သော ဘေးမဟုတ်သည့်အတွက် လေ့ကျင့်သားပြည့်ဝမှု၊ အသိပညာကြွယ်ဝမှု၊ နည်းပညာ ပြည့်စုံမှုရှိမှသာ ထိခိုက်ဆုံးရှုံးမှုနည်းမှာဖြစ်ပါကြောင်း၊ ဘေးအန္တရာယ်တွေကို ရင်ဆိုင် တုံ့ပြန်ရာတွင် နည်းပညာမြင့်မားမှု၊ စနစ်ကျသော ဖွံ့ဖြိုးတိုးတက်မှု၊ အသိပညာကြွယ်မှုနှင့်အတူ ငလျင်ဘေး အန္တရာယ်တွေရဲ့ သဘောသဘာဝနှင့် ဆောင်ရန်/ရှောင်ရန်များကိုသိနိုင်ရန် ကြိုးစားကြစေလိုကြောင်း၊ တာဝန်ရှိသည့် အဖွဲ့အစည်းများ အနေဖြင့်လည်း အမြဲတမ်းအသင့်ဖြစ်ရေး နိုးနိုးကြားကြား ရှိကြဖို့လိုအပ်ပါကြောင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့များမှ လူ၊ စက်၊ ယာဉ်ယန္တရား များကို အမြဲအသင့် ဖြစ်အောင် စုဖွဲ့ဆောင်ရွက်ထားရှိရန်နှင့် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်ရေး လေ့ကျင့်ဆောင်ရွက်ထားရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကကျောင်းသားကျောင်းသူများအား သဘာဝဘေး အသိပညာပေးဟောပြောပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား မီသတ်ဆေးဘူးအသုံးပြုပုံသရုပ်ပြခြင်း၊ ဉာဏ်စမ်းပဟေဠိ ကစားခြင်း၊ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသုံးပြုပုံအား ရှင်းလင်းပြသနေမှုတို့ကို  ကြည့်ရှုအားပေးသည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ကျောင်းသူများက ငလျင်ဘေး သဏ္ဍန်တူ ဇတ်တိုက်လေ့ကျင့်ခန်းအား ဆောင်ရွက်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တက်ရောက်လာကြသူများမှ ကြည့်ရှုအားပေးပြီး ဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်သရုပ်ပြသခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ်၊ ကုလားရွာသို့ သွားရောက်ပြီး ဆင်သေချောင်းဘေး သီးနှံများစိုက်ပျိုးထား သည့် တောင်သူများနှင့်တွေ့ဆုံ၍ မျိုး၊မြေ၊ရေ၊နည်း  နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ ၊ သီနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေသြဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲစေရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးရေ ရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်နိုင်တိုး မျိုးစပါး၊ နေကြာနှင့် ပဲတီစိမ်းမျိုးစေ့များ ကိုလည်းကောင်း နေပြည်တော်ကောင်စီဝင်များက သဘာဝမြေဩဇာနှင့် မျိုးစေ့ချကိရိယာ  (Seeder)များကိုလည်းကောင်း တောင်သူများအား ပေးအပ်ကြပြီး ဆင်သေချောင်းဘေး သီးနှံများ စိုက်ပျိုးထားမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

အောင်ကို(ပုဗ္ဗသီရိ)