လယ်ဝေး ဇူလိုင် ၂၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပေတုန်းမျှောင်ကျေးရွာအုပ်စု၊ ကုန်းပေါ်စုကျေးရွာ ပညာ့အားမာန် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါစာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပညာ့အားမာန်စာကြည့်တိုက်ကို ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဒေါ်သင်းသင်းဇင်၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇင်မင်းကို၊ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဦး ဇော်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူရ၊ အုပ်စုအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းစိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က အဖွင့်အမှာစကားပြောကြားပြီး စာကြည့်တိုက်ဆိုင်ရာ အချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူရထံ လွှဲပြောင်းပေးအပ်သည်။ ထို့နောက် နေပြည်တော်ကောင်စီမှလှူဒါန်းသည့် အလှူငွေများနှင့်MRTV DTH စလောင်းနှင့် MRTV DVB T 2 Set Top Box တစ်စုံတို့ကိုလှူဒါန်းရာတို့ကို လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက လက်ခံရယူသည်။ ဆက်လက်၍ လယ်ဝေးခရိုင် အုပ်ချုပ်ရေးမှူးဦးဇင်မင်းကိုက အလှူငွေကျပ် ၇၅ သိန်းလှူဒါန်းသည့် ကျေးရွာပြည်သူများ အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်သည်။
ထို့နောက် လယ်ဝေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်သီတာဟန်၊ ပြည်ထောင်စုနယ်မြေ၊ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌဦးမောင်မောင်တာနှင့် အလှူရှင်များက သုတရသ စာအုပ်များလှူဒါန်းရာ စာကြည့်တိုက်ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက လက်ခံရယူသည်။ ဆက်လက်၍ တာဝန်ရှိသူများက ပညာ့အားမာန် စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)