ဘုတ်ပြင်းမြို့၌ ဌာနဆိုင်ရာများစုပေါင်း၍ ဘုန်းကြီးကျောင်းများသို့ ဆန်၊ ဆီ၊ ဆားနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ပေးအပ်လှူဒါန်း

ဘုတ်ပြင်း ဇူလိုင် ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်အတွင်း ဆရာဒကာဘုန်းတော်ကြီးကျောင်းများ၌ ဝါတွင်းကာလတွင် သီတင်းသီလဆောက်တည်မည့် ဆရာတော်/သံဃာတော်များ၊ သီလရှင်များ စိတ်ချမ်းမြေ့စွာဖြင့် တရားဘာဝနာပွားများနိုင်စေရန်၊ ပစ္စည်း(၄)ပါး၊ ပြည်စုံစေရန်အတွက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက်က ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်စုပေါင်းလှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့သို့ လှူဒါန်းရာတွင် ဘုတ်ပြင်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးနိုင်၊ မြို့နယ်မစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဘုတ်ပြင်းမြို့နယ် ကမာချောင်းကျေးရွာအုပ်စု အေးချမ်းမြိုင်(၂)ကျေးရွာ ပညာရာမဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တနန္ဒဝံသထံမှ ငါးပါးသီလဆောင်တည်ကြ၍ လှူဖွယ်ဝတ္တုပစ္စည်းများ လှူဒါန်းခဲ့ကြရာ လှူဒါန်းမှူးအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ ကျွေးချောင်းကျေးရွာ လင်းရောင်ခြည်ဘုန်းတော်ကြီးကျောင်းသို့ ဆက်လက်လှူဒါန်းခဲ့ကြသည်။ ထိုသို့လှူဒါန်းရာတွင် ဘုန်းတော်ကြီးကျောင်းများသို့ ဌာနဆိုင်ရာများနှင့် ပူးပေါင်းအဖွဲ့များက ဘုန်းတော်ကြီးကျောင်းတစ်လျှင် ဆန်(၂၄)ပြည်အိတ် (၃)အိတ်၊ ဆီ(၅၀)ကျပ်သားဘူး (၁၂)ဘူး၊ ကြက်သွန်နီ (၁၀)ပိဿာ၊ ဆား(၅၀)ထုတ်ပါတစ်ဆွဲ စသည့် လှူဖွယ်ပစ္စည်းများနှင့် အလှူဝတ္ထုငွေတို့ကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)