ဟားခါး ဇူလိုင် ၂၆
ချင်းပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ပေးမှုဖြင့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အထွေထွေဗဟုသုတဆိုင်ရာပြိုင်ပွဲကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခွဲတွင် ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း အီးကေကိမ်းငင်းခန်းမ၌လည်းကောင်း၊ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဟားခါးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ဗိုလ်တိုက်ချွန်းခန်းမ၌လည်းကောင်း ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူး ဦးခမ်လျန်ဆုမ်းက အထွေထွေဗဟုသုတဆိုင်ရာပြိုင်ပွဲကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် ကျင်းပရခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ် လူရွယ်များအနေဖြင့် အထွေထွေဗဟုသုတကြွယ်ဝပြီး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ယနေ့ စာဖတ်သောသူသည် မနက်ဖြန် ခေါင်းဆောင်ဖြစ်မည်ဆိုသည့် အဆိုအမိန့်ကို ကျောင်းသား၊ ကျောင်းသူများ မှတ်သားစေလိုကြောင်း အမှာစကားပြောကြားပြီး သက်ဆိုင်ရာ အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာကြီးများက အမှာစကား ပြောကြားကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ ဦးဆောင်မှုဖြင့် အထွေထွေဗဟုသုတဆိုင်ရာပြိုင်ပွဲကျင်းပရာ တစ်ကျောင်းလျှင် ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထိုက်သည့် အထွေထွေဗဟုသုတ မေးခွန်း (၃၀) ခုစီ မေးမြန်းပြီး အမြန်ဆုံးနှင့် မှန်ကန်စွာ ဖြေဆို နိုင်သည့် ကျောင်းသား၊ ကျောင်းသူများကို မေးခွန်းတစ်ခုလျှင် ဆုငွေကျပ် ၅၀၀၀/− ချက်ချင်း လက်ငင်း ပေးအပ်ချီးမြှင့်ပြီး မေးခွန်း (၂၀) စီကို ရေးဖြေဖြေဆိုစေကာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆု (၂) ဆု ပေးအပ်ချီးမြှင့်သည်။
ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အထွေထွေဗဟုသုတဆိုင်ရာ ပြိုင်ပွဲများတွင် ဟားခါးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၂၄၀) ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )