ဇမ္ဗူသီရိမြို့နယ်၌ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်စကားဝိုင်း ကျင်းပ

ဇမ္ဗူသီရိ ဇူလိုင် ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၊ သီရိမင်္ဂလာခန်းမ၌ကျင်းပခဲ့ရာ ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက “ဇာတိမာန်”သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။

အဆိုပါစကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်နယ်မြေ၊ နေပြည်တော်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကျင်းပခဲ့ရာ စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူးဦးစီးအရာရှိ ဒေါ်နီလာစိုးကဆောင်ရွက်ပြီး အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ မရွှန်းလဲ့နေခြည်ဝင်း(Grade-11)က “လူငယ်နှင့်စာဖတ်ခြင်း”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မခွန်းချိုစံ(Grade-10)က “လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မအိမ့်မှူးမေ (Grade-11)က “လူငယ်နှင့်ယဥ်ကျေးမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မရွှန်းမြရွှေစင် (Grade-11)က “လူငယ်နှင့် ပညာရေး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ဖြိုးကိုကို(Grade-11)က “လူငယ်နှင့်ရည်မှန်းချက်”ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက လူငယ်ရေးရာနှင့် သက်ဆိုင်သည့် စာအုပ်၊ စာစောင်များ၊ အသိပညာပေးနံရံကပ်ပြဘုတ်များအား စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

နီလာ(ပြန်/ဆက်)