ဟားခါးမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူသရုပ်ပြဇာတ် တိုက်လေ့ကျင့်ခြင်း အခမ်းအနားပြုလုပ်

ဟားခါး ဇူလိုင် ၂၆

ချင်းပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူသရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကို ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ပြည်နယ်ကျန်းမာရေး/ကုသဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ သရုပ်ပြအဖွဲ့က ငလျင်လှုပ်မှုကြောင့် အထပ်မြင့်အဆောက်အဦပြိုကျပြီး အသက်ရှင်လျက်ရှိသည့် လူနာအား ရှာဖွေကယ်ဆယ်ခြင်းနှင့် လူနာအား သက်ဆိုင်ရာဆေးရုံသို့ အရေးပေါ် ပို့ဆောင်နိုင်ရေးဆောင်ရွက်မှု၊ HNE ဟုခေါ်သည့် ခေတ်မီနည်းပညာဖြင့် ထုတ်လုပ်ထားသော ကျောလွယ်ရွှေ့လျားအမြှပ်မီးသတ်ဆေးဘူးဖြင့် ဆီမီးလောင်ရာတွင် ကိုင်တွယ်အသုံးပြုနည်း၊ ဂတ် ယိုစိမ့်မှုကြောင့် မတော်တဆမီးလောင်မှုများ ဖြစ်ပွားပါက မီးငြိမ်းသတ်နည်းများကို သရုပ်ပြကြသည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က ယခုကဲ့သို့ သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ရေး အခမ်းအနားပြုလုပ်ခြင်းသည် အလွန်ကောင်းမွန်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ ကျန်းမာရေးကြောင့် ဒုက္ခရောက်နေသည့် လူနာများကို သဘာဝဘေးကြောင့် ထပ်မံဒုက္ခမရောက်ရလေအောင် ပြည်သူ့ဆေးရုံမှာ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ချင်းပြည်နယ်တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်းများဖြစ်ပွားသည့် နောက်ခံအကြောင်းများရှိ၍ ကြိုတင်စုဖွဲ့ပြင်ဆင်ထားရန်လိုအပ်ပါကြောင်း၊ အလားတူ အသိပညာ အတွေ့အကြုံနည်းပါးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ယခုကဲ့သို့ သဏ္ဍာန်တူသရုပ်ပြခြင်း၊ ဟောပြောခြင်း၊ ပညာပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ သဏ္ဍာန်တူသရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ပြုလုပ်ပေးသော ချင်းပြည်နယ်မီးသတ် ဦးစီးဌာနနှင့် ပြည်နယ်ကျန်းမာရေးဦးစီးဌာနတို့ကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းဖြင့် ဂုဏ်ပြုအမှာစကားပြောကြားပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြည်နယ်မီးသတ်ဦးစီးဌာနမှူးအား ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။

ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တိုင်းရင်းသားရေးရာဝန်ကြီးတို့သည် ဟားခါး ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသော လူနာများအား သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရဖြည့်အစာများ ပေးအပ်ပြီး ဆေးရုံအုပ်ကြီးကိုလည်း အမှတ်တရလက်ဆောင်ခြင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် ( ပြန် / ဆက် )