ဒက္ခိဏခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ Never Stop Learning Campaign စာဖတ်ဝိုင်း ဆောင်ရွက်

နေပြည်တော် ဇူလိုင် ၂၆

ဝန်ထမ်းများ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်နှင့် စာ‌ပေဖတ်ရှုခြင်းမှရရှိသည့် အသိပညာ၊ ဗဟုသုတများကို ဝန်ထမ်းအချင်းချင်း အပြန်အလှန်ဆွေးနွေးနိုင်စေရန်ရည်ရွယ်၍ Never Stop Learning Campaign စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်၊ ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

‎‎ရှေးဦးစွာ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က Never Stop Learning Campaign စာဖတ်ဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

‎‎ထိုနောက် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များက စာရေးဆရာမ မစန္ဒာရေးသားသည့် "အရိပ်"စာအုပ်ကိုလည်ကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီအေးနှင့်အဖွဲ့က စာရေးဆရာ နတ်နွယ်ရေးသားသည့် "မြန်မာပြည်‌မြောက်ပိုင်း" စာအုပ်ကိုလည်ကောင်း စာရေးသူ၏အတ္ထုပ္ပတ္တိ၊ ဇာတ်လမ်းအကျဉ်း၊ စာအရေးအသား၊ ကိုယ်ပိုင်အမြင်နှင့် ခံစားချက်များအကြောင်းကို မိမိတို့၏ရှုထောင့်အသီးသီးမှ အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကြသည်။

စာဖတ်ဝိုင်းအပြီးတွင် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ဝန်ထမ်းများအား အရည်အချင်းပြည့်ဝပြီး စာအုပ်စာပေများကို တန်ဖိုးထားတက်စေရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)