မြိတ်တက္ကသိုလ်တွင် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အခမ်းအနားကျင်းပ

မြိတ်   ဇူလိုင်   ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ဒီရေတောများ သားစဉ်မြေးဆက် ထိန်းသိမ်းအသုံးပြုနိုင်ရေး၊ ပြည်သူလူထုအသိပညာမြှင့်တင်ပေးရေးအတွက် (၂၀၂၅)ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ဇူလိုင်(၂၅)ရက် နံနက်ပိုင်းက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မြိတ် ခရိုင်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်လင်းက ဒီရေတောနှင့် ကမ်းရိုးတန်းဂေဟစနစ်များ၊ ဒီရေတောဂေဟစနစ်၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများ၊ ဒီရေတောနှင့်ကမ်းရိုးတန်းသယံဇာတများစီမံအုပ်ချုပ်ခြင်း၊ ဒီရေတောဧရိယာတိုးတက်မှုရလာဒ်များကို  ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပညာပေးဗီဒီယိုပြသရာ တက်ရောက်လာကြသည့် မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိတ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဆရာ၊  ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုအားပေးကြသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများ က အပြည်ပြည်ဆိုင်ရာဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပညာပေးပြခန်းအား ကြည့်ရှုအားပေးကြသည်။

တနင်္သာရီတိုင်းဒေသကြီး၏ ဒီရေတောဂေဟစနစ်များသည် ကမ်းရိုးတန်းဒေသနေပြည်သူများ၏ အခြေခံစားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးလျက်ရှိသည့်အပြင် သဘာဝဘေး အန္တရာယ်များနှင့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများမှ တားဆီးကာကွယ်ပေးလျက်ရှိသဖြင့် နိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင်များရရှိရေးကို အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။  

ခိုင်ထူး (ပြန်/ဆက်)