ဘားအံ ဇူလိုင် ၂၅
ကရင်ပြည်နယ်၊ ဘားအံမြို့၌ သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ ရောက်ရှိပြီး ဖြစ်သည့်အတွက် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသော သဘာဝဘေးန္တရာယ်များနှင့်ပတ်သက်၍ အရေးပေါ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်အဆင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘားအံခရိုင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် သံလွင်မြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာပြီးဖြစ်သည့်အတွက် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသော ရေကြီးရေလျှံမှုများ၊ မြေပြိုကျခြင်းများ၊ မုန်တိုင်းဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အရေးပေါ်ကြုံတွေ့လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး၊ အနိမ့်ပိုင်းဒေသများတွင်နေထိုင်သည့် ပြည်သူများအားသဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ သိရှိလိုက်နာနိုင်ရေး အသိပညာပေးခြင်း၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်မီ ဆောင်ရွက်နိုင်ရေး၊ လူအင်အား စက်ပစ္စည်းအင်အား စုဖွဲ့ထားနိုင်ရေး၊ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်နိုင်ရေး၊ ကြိုတင်ပြင်ဆင်ထားရန်နှင့် ဘားအံခရိုင်အနေဖြင့် သံလွင်မြစ်ရေမြင့်တက်မှုကြောင့် သဘာဝဘေးနှင့် နှစ်စဉ်ကြုံတွေ့နေရသည့်အတွက် ပေါ့ပေါ့နေ၍မရဘဲ ကူညီကယ်ဆယ် ထောက်ပံ့ရေးလုပ်ငန်းများ၊ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိ၏ပင်မလုပ်ငန်းများအပြင် ကော်မတီ၏ လုပ်ငန်းတာဝန်များကိုပါ ပူးပေါင်းဆောင်ရွက်ကြဖို့လိုအပ်ကြောင်း အမှာစကားပြောကြားခဲ့ သည်။
ဆက်လက်၍ ဘားအံခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ခရိုင်အဆင့်ကော်မတီဝင်များ ပရဟိတအသင်းအဖွဲ့များမှ ယခင်နှစ်ဆောင်ရွက်ခဲ့သည့် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်း များ၊ ထောက်ပံ့ပစ္စည်များ ပေးအပ်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ယခုနှစ်တွင် သဘာဝ ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက လူအင်အား၊ စက်ပစ္စည်းအင်အားစုဖွဲ့ထားရှိမှု၊ ရေဘေးကယ်ဆယ် ရေး စခန်းများဖွင့်လှစ်ရန် စီမံထားရှိမှုများကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ဘားအံခရိုင် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဥက္ကက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)