ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပြည်နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ဟားခါး ဇူလိုင် ၂၃

ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွှဲ ၂ နာရီခွဲက ဟားခါးမြို့ ၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့ကျင်းပပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေများ မည်ကဲ့သို့ လျာထားသုံးဆွဲရမည်ဆိုသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးမည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ပြည်နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူးက ရှင်းလင်းဆွေးနွေးသည့်အချိန်တွင် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သေချာမှတ်သားကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးသန်းဦးက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ ပြည်နယ်ရသုံးမှန်း ခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာအောင်မြတ်ကျော်တို့က ၂၀၂၆−၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေများလျာထားရာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ လျာထားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို ဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)