နေပြည်တော် ဇူလိုင် ၂၃
ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင်(သို့မဟုတ်)ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့နှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေနံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ တာဝန်ရှိသူများ၊ ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများမှ တာရှိသူများ၊ နေပြည်တော်ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို မြေပြင်ကွင်းဆင်းရေးအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကျောင်းများ၏ အထွေထွေကိစ္စရပ်များကို သက်ဆိုင်ရာ မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့မှ စိစစ်တင်ပြချက်များအပေါ် ကြီးကြပ်ရေးအဖွဲ့က ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံခြားသားပုဂ္ဂလိကကျောင်းဆရာများ၏ ပြည်တွင်းနေထိုင်ခွင့်(ဗီဇာ)သက်တမ်းတိုးမြှင့်ခြင်းကိုလည်း စိစစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ၏ စိစစ်တင်ပြချက်များကို ပုဂ္ဂလိကပညာရေးဥပဒေ လုပ်ထုံးလုပ်နည်းများ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့အတွင်းရေးမှူး နေပြည်တော်ပညာရေးမှူးက နေပြည်တော်အတွင်း အမျိုးသားသင်ရိုးညွှန်းတမ်းသင်ပုဂ္ဂလိကအခြေခံပညာကျောင်းနှင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင်ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များ၏ ကွင်းဆင်းစစ်ဆေးနိုင်မှုအခြေအနေများအား ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ အမျိုးသားသင်ရိုးညွှန်းတမ်းသင် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်စိုးနှင့် နိုင်ငံတကာသင်ရိုးညွှန်းတမ်းသင် မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာနုနုလွင်တို့က သက်ဆိုင်ရာကဏ္ဍများအလိုက် မြေပြင်ကွင်းဆင်းစစ်ဆေးမှု စိစစ်တွေ့ရှိချက်များကို အသေးစိတ် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုယ်ပိုင်ကျောင်းများ စနစ်တကျဖွံ့ဖြိုးပြီး နိုင်ငံတကာအဆင့်မီပညာရေးကို အကောင်အထည်ဖော်နိုင်ရန် ပုဂ္ဂလိကပညာရေး၏ ရည်မှန်းချက်အတိုင်း ပေါက်မြောက်အောင်မြင်အောင် ကြိုးစားဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။
နေထက်ပိုင်(ပြန်/ဆက်)