နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ သဘာဝဘေးအသိပညာပေးဟောပြောပွဲ၊ နွေ၊ မိုး၊ ဆောင်း ရာသီပြည့် သီးနှံများစိုက်ပျိုးရေးနှင့် သွင်းအားစုများပေးအပ်ပွဲ တက်ရောက်၊ ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇူလိုင် ၂၃

နေပြည်တော်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ရန်အောင်မြင်ဆည် စိမ်းလန်းမြေနေရာ၌ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စင်္ကာပူချယ်ရီအပင်အား စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ စိန်ပန်း၊ ငု၊ ပျဉ်းမ၊ စင်္ကာပူချယ်ရီပင်၊ သပေ့ပူရ၊ စိန်ပန်းပု၊ နွယ်သာဂီ၊ စက္ကူ၊ ကြံ့စာအပါအဝင် နှစ်တို ၁၀၄ ပင်၊ နှစ်ရှည် ၂၅၅ ပင်၊ မြေကပ် ၆၇၀၀ ပင်၊ စုစုပေါင်း ၇၀၅၉ ပင် စု‌ပေါင်းစိုက်ပျိုး‌နေမှုကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇေယျာသီရိမြို့နယ် ရေဆင်းအခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး သဘာဝဘေး အသိပညာပေးဟောပြောပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

ဦးစွာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ မြန်မာနိုင်ငံတွင် မီးဘေး၊ ရေဘေး၊ ငလျင်ဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေး၊ မိုးခေါင်ရေရှားဘေး၊ ဆူနာမနီဘေးနှင့် မြေပြိုဘေး စသည့်သဘာဝဘေးအန္တရာယ် ၈ မျိုးကို တွေ့ရှိရမှာဖြစ်ကြောင်း၊ သစ်တောများပြုန်းတီးပြီး ချောင်းမြောင်းအင်းအိုင်များ ခြောက်ခမ်းမှုများဖြစ်ပေါ်လာသဖြင့် ရာသီဥတုများ ဖောက်ပြန်လာမှုကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် မြစ်ချောင်းများတိမ်ကောလာသဖြင့် ရေဘေးများဖြစ်ပွားလာခြင်း၊ နွေရာသီတွင် လွန်စွာပူပြင်းပြီး လေပြင်းဘေး၊ လေဆင်နှာမောင်းဘေးများ ဖြစ်ပွားလာတာတွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့အပြင် မိုးကြိုးဘေးသည်လည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း၊ မြစ်ချောင်းများပြောင်းလဲခြင်း၊ မြစ်ကြမ်းပြင်တိမ်ကောလာခြင်းများကြောင့် ကမ်းပြိုကမ်းစားခြင်းများ နှစ်စဉ်ဖြစ်ပွားလာပြီး ချောင်းကမ်းဘေးရှိပြည်သူများ သဘာဝဘေးကိုကြုံတွေ့နေရကြောင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုကိပျက်စီးခြင်းကြောင့် ရာသီဥတုဖောက်ပြန်ပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာမှုကို ပြည်သူလူထုများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကို ကာကွယ်နိုင်အောင် အသိပညာများ လေ့လာဆည်းပူးရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးမှ ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နေပြည်တော်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပုဗ္ဗသီရိမြို့နယ် ပင်လောင်းလမ်းဘေးကွင်းအမှတ် ၁၆၂၃/က သို့ သွားရောက်ပြီး မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံစိုက်ပျိုးရေး တောင်သူများနှင့်တွေ့ဆုံခြင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် စိုက်ပျိုးမည့်တောင်သူများသို့ သွင်းအားစုများပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ ကြဲခင်းစနစ်ပပျောက်အောင် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးစေရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင်ပြုလုပ်သုံးစွဲရေးတို့ကို မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက သွင်းအားစုများထောက်ပံ့ခြင်း၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အောင်နိုင်တိုး မျိုးစပါးများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦးက မျိုးစေ့ချကိရိယာများကိုလည်းကောင်း တောင်သူများထံပေးအပ်ကြပြီး မျိုးစေ့ချကိရိယာဖြင့် အောင်နိုင်တိုးစပါးများ စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။

ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ရာဇဌာနီလမ်းမကြီး၊ ရာဇသိင်္ဂဟလမ်းမကြီးနှင့် တော်ဝင်ရတနာလမ်းမကြီးများသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုနှင့် Regulating Course Mix Design ခင်းကျင်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဥတ္တရသီရိရေလှောင်တမံသို့သွားရောက်ပြီး စက်ယန္တရားကြီးများဖြင့် ယာယီရေတားတမံရှိ ဖို့မြေများဖယ်ရှားခြင်း၊ ရေတားတမံမြေသားညှိခြင်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)