တာလေ ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ယနေ့မွန်းလွဲ (၁၂) နာရီခွဲအချိန်က အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ရုပ်ပုံပြပုံပြင်ဖတ်ပြခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃(အင်အားပြ) ဒေါ်ရီရီထွန်းက ရုပ်ပုံပြ ပုံပြင်ဖတ်ပြခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြပြီးနောက် ကလေးများအား အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
အဆိုပါ ရုပ်ပုံပြ ပုံပြင်ဖတ်ပြခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတ တိုးပွားရရှိစေရန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကလေးစာဖတ်ခန်းနှင့် ရင်းနှီးကျွမ်းဝင်မှု ရရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
ရဲထက်ဦး(ပြန်ဆက်)