ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (၃) ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်မည့်မြေနေရာ မြေသန့်မင်္ဂလာနှင့် ပန္နက်တင်မင်္လာ အခမ်းအနားကျင်းပ

ညောင်ရွှေ ဇူလိုင် ၂၂

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (၃) ထပ်ကျောင်း ဆောင်သစ်ဆောက်လုပ်မည့် မြေနေရာ မြေသန့်ခြင်းမင်္ဂလာနှင့် ပန္နက်တက်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၈) နာရီက အဆိုပါကျောင်းဆောင် ဆောက်လုပ်မည့်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သည့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဧည့်ပရိသတ်များက ပူဇော်ကန်တော့ကြပြီး  သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားပူဇော်၍ မြေသန့်မင်္ဂလာကို ဆောင်ရွက်တော်မူကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မင်္လာအချိန်ကျရောက်သည်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီး၌ ပန္နက်တင်ခြင်းမင်္ဂလာကို ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ကျောင်းဆောင်သစ်သည် (၁၄၀ပေ x ၃၀ပေ) RC (၃) ထပ်ကျောင်းဆောင်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်(၁၀၆၄.၃၅၉)သန်းဖြင့် အောင်အင်းလေးကုမ္ပဏီမှ သတ်မှတ်ကာလအမီ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းအယ်ဘဲ