မိုင်းပျဉ်းမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းနှင့် မြေကွက်များအတွက် မျိုးစေ့နှင့်ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မိုင်းပျဉ်း ဇူလိုင် ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းနှင့် မြေကွက်များအတွက် မျိုးစေ့နှင့်ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးထက်က မျိုးစေ့နှင့်ဓာတ်မြေသြဇာများ ထုတ်ပေးရခြင်းအကြောင်းကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ဟောင်ကန်ကျေးရွာရှိ မျိုးစေ့ထုတ်(၁၀)ဧကနှင့် မိုးစပါးစံပြကွက်(၅)ဧကအတွက် စပါးမျိုး(၃၀၀)ကီလို၊ ယူရီးယားဓာတ်မြေသြဇာ(၁၅)အိတ်၊ ကွန်ပေါင်းဓာတ်မြေသြဇာ(၁၅)အိတ်နှင့် သဘာဝမြေသြဇာ(၆၀)အိတ်တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် မြို့နယ်မြေစာရင်းဦးစီးတို့က ပေးအပ်ကြရာ ကျေးရွာတောင်သူများမှ လက်ခံရယူခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ ဟောင်ကန်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)