ထားဝယ်ခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်စားများအား ပင်စင်လစာများ လစဉ်ထုတ်ပေး

ထားဝယ် ဇူလိုင် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းပင်စင်စား (အငြိမ်းစား) များအား ပင်စင်လစာငွေများကို ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် အငြိမ်းစားလစာငွေများလာရောက်ထုတ်ယူသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ် ဦးစီးမှူးရုံးက အငြိမ်းစားဝန်ထမ်းများအား UID (Unique Indentity) များ ဆောင်ရွက်ပေးနေမှုအားလည်းကောင်း၊ ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုအားလည်းကောင်း၊ ကုန်သည်များအသင်းက ဆန်နှင့်ဆီများကို သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနေမှုအားလည်းကောင်း ဌာနဆိုင်ရာတာဝန်သူများက ကြည့်ရှုအားပေးသည်။

မြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်ကောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများ အနေဖြင့် ၎င်း၏မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊ ထားဝယ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့ပင်စင်လစာငွေများ ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဝန်ထမ်းဦးရေ (၆၇၉) ဦးရှိကာ အငြိမ်းစားလစာငွေများ လာရောက်ထုတ်ယူသူများ အားမြန်မာ့စီးပွားဘဏ်မှ ခရိုင်မန်နေဂျာနှင့် ဝန်ထမ်းများက အဆင်ပြေချောမွေ့စွာထုတ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

‌ငွေဇင်ယော်(ထားဝယ်)