လယ်ဝေးမြို့နယ် ရွှေပြည်ဝင်စာကြည့်တိုက်နှင့် ရွှေကျင်အေးစာကြည့်တိုက်ဖွင့်ပွဲများ ကျင်းပ

လယ်ဝေး ဇူလိုင် ၂၂

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ဝင်တဲကူးကျေးရွာ၊ ရွှေပြည်ဝင်စာကြည့်တိုက်နှင့် ရွှေကျင်ကျေးရွာ၊ ရွှေကျင်အေးစာကြည့်တိုက်များဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး တက်ရောက်ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ဝင်တဲကူးကျေးရွာ၊ ရွှေပြည်ဝင်စာကြည့်တိုက်အဆောက်အအုံသစ်ကို နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ပြည်ထောင်စုနယ်မြေ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ ပြည်ထောင်စုနယ်မြေ၊ စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်တာ၊ ဝင်တဲကူးအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် လူ့အရင်းအမြစ်များကိုအခြေခံ၍ စနစ်တကျပြုစုပျိုးထောင်ရမည်ဖြစ်ပြီး တာဝန်ရှိသူအားလုံးက လူငယ်၊ လူရွယ်များအား အဓိကပြုစုပျိုးထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်များဖန်တီးပေးရန်၊ မိမိတို့နိုင်ငံ၏ နေထိုင်မှုပုံစံအနေဖြင့် ကျေးလက်ဒေသတွင် နေထိုင်သူဦးရေမှာ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ရှိသည့်အတွက် ယခုလိုကျေးရွာများအရောက် စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း၊ ရှိနှင့်ပြီးသား ကျေးရွာစာကြည့်တိုက်များအား ပြန်လည်ပြင်ဆင်ပေးခြင်း၊ စာအုပ်စာစောင်များ ဖြည့်ဆည်းပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း၊ “နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ” အနေဖြင့်လည်း ဗဟိုကချမှတ်ထားသည့် လုပ်ငန်းစဉ်(၄)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းမှ အသိပညာဗဟုသုတများစွာရရှိနိုင်သဖြင့် ကျေးလက်နေပြည်သူများအနေဖြင့်လည်း စာအုပ်စာပေကို မြတ်နိုးပြီးတန်ဖိုးထား ဖတ်ရှုကြရန်လိုအပ်ပါကြောင်း၊ စာအုပ်စာပေလေ့လာဖတ်ရှုရာတွင် ဖတ်ရှုရုံသက်သက်မဟုတ်ဘဲ ဖတ်သမျှကို မှတ်သားခြင်း၊ မှတ်သားမိသမျှကိုလည်း ပြန်လည်မျှဝေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အမှား၊ အမှန်ကို ဝေဖန်သုံးသပ်နိုင်ကာ အသိပညာဗဟုသုတကြွယ်ဝပြီး နောင်တစ်ချိန်တွင် တိုင်းပြည်က အားကိုးအားထားပြုရမည့် နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ နေပြည်တော် စာကြည့်တိုက်များဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမြင့်စိုးက စာကြည့်တိုက်ဆိုင်ရာအချက်အလက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရထံ လွှဲပြောင်းပေးအပ်ပြီး နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက အလှူငွေများ၊ စာအုပ်စာစောင်များ၊ MRTV DTH စလောင်းနှင့် MRTV DVB- T2 Set Top Box တစ်စုံနှင့်အထောက်အကူပြုအဖွဲ့များအတွက် ဂုဏ်ပြုဆုငွေများကိုလည်းကောင်း ပေးအပ်ခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက ရွှေပြည်ဝင်စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုအားပေးကာ စာကြည့်တိုက်တွင်အသုံးပြုရန် ဆိုလာမီးအိမ်နှင့် ကျောင်းသား ကျောင်းသူများအတွက် ဆိုလာမီးလုံးများ ပေးအပ်ခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ ရွှေကျင်ကျေးရွာ၊ ရွှေကျင်အေးစာကြည့်တိုက်အဆောက်အအုံသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အလှူငွေ၊ စာအုပ်စာစောင်နှင့်MRTV DTH စလောင်းနှင့် Set Top Box တစ်စုံ၊ ဆိုလာမီးအိမ်နှင့် ဆိုလာမီးလုံးများအား ပေးအပ်လှူဒါန်းခဲ့သည်။ လယ်ဝေးမြို့နယ်အတွင်း ကျေးရွာစာကြည့်တိုက် ၁၂ တိုက်ဖွင့်လှစ်ရန် လျာထားရာ ယနေ့ဖွင့်လှစ်သည့်စာကြည့်တိုက် ၂ တိုက်အပါအဝင် စာကြည့်တိုက် ၆ တိုက်ဖွင့်လှစ်ပြီးစီးခဲ့ပြီး ကျန်စာကြည့်တိုက် ၆ တိုက်အား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောက်လုပ်ခဲ့ပြီး ဖွင်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)