နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ၊ လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း တောင်သူပညာပေးသရုပ်ပြပွဲ၊  မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းသင်တန်းဖွင့်ပွဲနှင့်  မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖူဆယ်ပြိုင်ပွဲဆုပေးပွဲ

နေပြည်တော် ဇူလိုင် ၂၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ မြောက်ကျောင်းစုကျေးရွာသို့ သွားရောက်ပြီး နေပြည်တော် စိမ်းလန်းစိုပြေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်‌ရေးအတွက်  ကျေးရွာအဝင်လမ်းတွင် ကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ထိုင်ဝမ်ဗန်ဒါပင်ကို စတင်စိုက်ပျိုးပေးပြီး တက်ရောက်လာကြသူများမှ ထိုင်ဝမ်ဗန်ဒါပင် ၄၃၀ ပင် စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၆၇၂)သို့ သွားရောက်ပြီး တောင်သူဦးဘိုဘို၏ လယ်ခြောက်ဧကတွင် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုးပျိုးထောင်နေမှု၊ အီးအမ်ယူရီးယား ပက်ဖျန်းနေမှုနှင့် နွေစပါးအား ရိတ်သိမ်း‌ခြွေလှေ့စက်ဖြင့် ရိတ်သိမ်းနေမှုတို့ကို လှည့်လည်ကြည့်ရှုအား‌ပေးခဲ့သည်။

ယင်းနောက် ရန်အောင်မြင်ကျေးရွာအုပ်စု ကွင်းအမှတ်(၁၈၂၈)ကွင်းသို့ သွားရောက်ပြီး လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း၊ တောင်သူပညာပေးသရုပ်ပြပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ ကြဲခင်းစနစ်ပပျောက်အောင် ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးစေရေး၊ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံများစိုက်ပျိုးနိုင်ရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သဘာဝမြေဩဇာကို တောင်သူများ ကိုယ်တိုင်ပြုလုပ်သုံးစွဲရေးတို့ကို မှာကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အောင်နိုင်တိုးမျိုးစပါးများကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်မှ မျိုးစေ့ချကိရိယာများကိုလည်းကောင်း တောင်သူများထံပေးအပ်ကြပြီး တောင်သူဦးထွန်းငွေ၏ လယ် ၁၇ ဧကတွင် အောင်နိုင်တိုးစပါးမျိုးအား မျိုးစေ့ချကိရိယာဖြင့် လက်တွေ့စိုက်ပျိုးသရုပ်ပြနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့၊ အမှတ်(၂) အားကစားလေ့ကျင့်ရေးစခန်းသို့ သွားရောက်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မဲရုံအဖွဲ့ဝင်များသည် ရွေးကောက်ပွဲကျင်းပနေစဉ်ကာလ လက်တွေ့နယ်ပယ်တွင် မဲပေးစက်များကိုဖြန့်ဝေခြင်း၊ ထုတ်ယူခြင်း၊ စက်များတပ်ဆင်ခြင်း၊ နေရာချထားခြင်း၊ ကိုင်တွယ်အသုံးပြုခြင်း၊ လုပ်ငန်းအဆင့်ဆင့်ကို တိကျစွာလိုက်နာဆောင်ရွက်တက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာအခြေခံလုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးရသော သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ကွဲများနှင့် မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များသည် ပြဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများကို ကောင်းစွာသိရှိထားမှသာ မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များသည် ဥပဒေနှင့်ညီညွှတ်မှုရှိသော လွတ်လပ်၍ တရားမျှတသော ဆောင်ရွက်ချက်များဖြစ်မှာဖြစ်ကြောင်း၊ ယခုကျင်းပမည့်‌ ရွေးကောက်ပွဲတွင် အီလက်ထရောနစ်မဲပေးစက်များကို အသုံးပြုပြီးမဲပေးမှာဖြစ်သည့်အတွက် ပယ်မဲများမရှိတော့ဘဲ မဲပေးရာမှာ ရှင်းလင်းလွယ်ကူမြန်ဆန်စွာမဲပေးနိုင်မှာဖြစ်ကြောင်း၊ မဲပေးရာတွင် နားလည်ရန်လွယ်ကူခြင်း၊ အချိန်တိုအတွင်းမဲရလဒ်များရေတွက်နိုင်ခြင်း၊ တိကျသောမဲရလဒ်များရရှိခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ မဲမသမာမှုမရှိခြင်း စသည့်အကျိုးများ ရရှိနိုင်မှာဖြစ်ကြောင်း၊ ယခုသင်တန်းမှာလည်း မဲပေးစက်ကို တာဝန်ယူကိုင်တွယ်အသုံးဖို့အတွက် မဲရုံအဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ရန် ရွေးချယ်ထားသူများကို မဲပေးစက်ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ရသည့် မဲရုံများတွင် တာဝန်ထမ်းဆောင်ကြသော မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် စနစ်တကျ အလေးထားကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သင်တန်းအတွက် ချီးမြှင့်ငွေများပေးအပ်ပြီး MEVM မဲပေးစက်များ သရုပ်ပြတပ်ဆင်အသုံးပြုပုံကို ကြည့်ရှုကာ သင်တန်းတက်ရောက်မည့် သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ယင်းနောက် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာသို့သွားရောက်ပြီး ဦးအောင်သီဟကျော်၏ ရွှေလွှမ်းအထည်ချုပ်နှင့် ဖြန့်ချီရေးလုပ်ငန်းကို ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား အထည်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ဈေးကွက်ရရှိရေးနှင့် ဒေသခံများ အလုပ်အကိုင်ရရှိရေးတို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဝဏ္ဏသိဒ္ဓိ ဖူဆယ်လေ့ကျင့်ရေးအားကစားရုံသို့ သွားရောက်ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက် အမျိုးသားဖူဆယ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဦးစွာ  တပ်ကုန်းမြို့နယ်အသင်းနှင့် ဇမ္ဗူသီရိမြို့နယ်အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးပြီး ဆု‌ပေးပွဲကိုဆက်လက်ကျင်းပရာ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုနှင့် အကောင်းဆုံးကစားသမားဆုများ၊ တတိယဆု၊ ဒုတိယဆုနှင့် ပထမဆုရရှိသောအသင်းများအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို နေပြည်တော်ကောင်စီဝင်များနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်တို့က  ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ပထမဆုရရှိသော တပ်ကုန်းမြို့နယ်အသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပေးအပ်ချီးမြှင့်ခဲ့‌ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)