ကော့သောင်း ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ရုရှားဘာသာစကားပြော (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ကော့သောင်းမြို့၊ Victoria Cliff Hotel (မင်္ဂလာခန်းမ)တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးမောင်မောင်ကြီး၊ စစ်ဗျူဟာအဖွဲ့အခြေချ (ကော့သောင်း)မှ စစ်ဗျူဟာမှူး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ကြီးက “ရုရှားဘာသာစကားပြော (အခြေခံ) သင်တန်းဖွင့်လှစ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ်မွေးထုတ် ပေးလိုခြင်းဖြစ်ပါကြောင်းနှင့် သင်တန်းသားများ အသိပညာ၊ အတတ်ပညာ၊ ဝမ်းစာပြည့်ရန် အမြဲတစေကြိုးပမ်းအားထုတ်နေရမည် ဖြစ်သကဲ့သို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရကလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှာ ယခုကဲ့သို့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားဘာသာစကား (အခြေခံ) သင်တန်းများကို ဖွင့်လှစ်ပေးနိုင်သည့်အတွက် ဒေသအတွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့်ခရီးစဉ်ဒေသများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရန်အတွက် အထောက်အကူပြုသည့် သင်တန်းဖြစ်ပါကြောင်း၊ ကော့သောင်းမြို့သည် အဏ္ဏဝါခရီးသွားလုပ်ငန်းကို အဓိကလုပ်ဆောင်သည့် ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားများ ဝင်ရောက်မှုများလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုရောက်ရှိလာသည့်အတွက် အနာဂါတ်ကာလတွင် မြန်မာနိုင်ငံ၏ အဓိကခရီးစဉ်ဒေသများတွင် ပါဝင်လာနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပြီး ကော့သောင်းခရိုင်၏ ခရီးစဉ်ဒေသများ အောင်မြင်လာစေရေးအတွက် ဘက်စုံမှ ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ အနာဂါတ်ကာလတွင် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့၏ ဆက်ဆံရေးတိုး တက်လာမှုကြောင့် ဒေသတွင်းသို့ ရုရှားခရီးသည်များ ပိုမိုလာရောက်မည်ဟု မျှော်မှန်းရသည့်အတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ ယခုသင်တန်းအား ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရခြင်းဖြစ်ပါကြောင်း၊ ရုရှားဘာသာစကား (အခြေခံ) သင်တန်းများ ဖွင့်လှစ်ခြင်းကြောင့် ဒေသတွင်းခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးကို အထောက်အကူ ပြုမှာဖြစ်ပြီး ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်း၊ ဝင်ငွေပိုမိုရရှိလာခြင်း၊ လူနေမှု အဆင့်အတန်း မြင့်မားလာစေခြင်း၊ ဆင်းရဲမွဲတေမှုလျှော့ချရေးလုပ်ငန်းစဉ်ကိုလည်း အထောက်အကူပြုပေးရာ ရောက်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ကြိုးစားပြီး လေ့လာသင်ယူကြပြီး မိမိတို့နိုင်ငံ၏ မှန်ကန်ပြည့်စုံသည့် သတင်းအချက်အလက်များ၊ ယဉ်ကျေးမှုသမိုင်းကြောင်းများကို ရှင်းလင်းပြောပြ၍ ကောင်းမွန်သောဝန်ဆောင်မှုပေးပြီး မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မှန်ကန်မွန်မြတ်တဲ့ စိတ်ထားနဲ့ နိုင်ငံဂုဏ်ဆောင်နိုင်တဲ့ နိုင်ငံသားကောင်းများဖြစ်အောင် ကြိုးစားလေ့လာသွားကြရန်” အမှာစကားပြောကြားသည်။
ယင်းနောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ထားဝယ်ရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးလွှမ်းမိုးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရ အဖွဲ့၊စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးက သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးစွာ နှုတ်ဆက်အားပေးစကားပြောကြား၍ လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။
အဆိုပါ ရုရှားဘာသာစကားပြော (အခြေခံ)သင်တန်းကို ဇူလိုင်လ (၂၁) ရက်မှ ဩဂုတ်လ (၂၂) ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် ဌာနဆိုင်ရာများ၊ လူငယ်လူရွယ်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်းသင်တန်းသား/သင်တန်းသူ (၇၀) ကျော်တို့ တက်ရောက်ကာ သင်တန်းကာလ (၅) ပတ်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)