ကော့သောင်း ဇူလိုင် ၂၂
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာသည် တိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော့သောင်းမြို့ရှိ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများ၊ ဘာသာရေးနှင့်လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့မွန်းလွဲပိုင်း ကကော့သောင်းမြို့ မဉ္ဇူသကခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက “တိုင်းရင်းသားရေးရာဆိုသည်မှာ တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်းနှင့် ကိုးကွယ်သည့်ဘာသာ၊ သမိုင်းအမွေအနှစ် ငြိမ်းချမ်းရေးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများ ရရှိရေးတို့ အပါအဝင် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကိစ္စရပ်များကို ဆိုလိုကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုသည် ယနေ့ခေတ် အချိန်သမယတွင် ပိုမိုအရေးကြီးသည့်အတွက် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်စေနိုင်သည့် စိန်ခေါ်မှုများကို တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုများဖြင့် ကျော်ဖြတ်ကြရန်လိုအပ်ကြောင်း၊ ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များအရ ဦးတည်ချက် (၉) ရပ်နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းကို မိမိတို့၏ကျရာ အခန်းကဏ္ဍမှာ အရှိန်အဟုန်ဖြင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲသည် အမြော်အမြင်ကြီးစွာဖြင့်တိုင်းရင်းသား အားလုံးလူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကိုလည်း လုပ်ဆောင်လျက် ရှိနေပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်ရှိ လူမှုရေး ဦးတည်ချက်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်အနေဖြင့် အဓိကစွမ်းအားစုဖြင့် ပါဝင်နိုင်ရေး ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန်၊ လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရန် အတွက်လည်း ဦးစားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်အောင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုက အရေးကြီးသလို ဒေသအခြေခံစားသောက်ကုန်များ ဈေးနှုန်းကျဆင်းရေးအတွက်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍများ/ဇုံများ ဖန်တီးခြင်းဖြင့် တစ်ဖက်နိုင်ငံမှ နေ့စဉ်ဝယ်ယူတင်သွင်းနေသည့် အသားနှင့် ဟင်းသီးဟင်းရွက်မှ နိုင်ငံခြားငွေစီးဆင်းမှုနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ ကုန်ကျမှုနည်းပါးခြင်း မိမိတို့ဒေသခံတိုင်းရင်းသားပြည်သူများမှလည်း ဈေးနှုန်းသက်သာစွာနဲ့ မိမိဒေသထွက်ကုန်များအား ဝယ်ယူနိုင်မည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် တက်ရောက်လာကြသော တိုင်းရင်းသားပြည်သူများ၊ ဘာသာရေးနှင့်လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များက လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခက်အခဲနှင့်လိုအပ်ချက်များ ဆွေးနွေးတင်ပြကြရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးသည် တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများဖြင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များ လမ်းညွှန်မှာကြားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)