ဇေယျာသီရိမြို့နယ်၌ စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာပေါ်ထွန်းလာစေရန် စာအုပ်/ စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်

ဇေယျာသီရိ ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာပေဖတ်ရှုခြင်းဖြင့် စာပေဝါသနာရှင်များစွာပေါ်ထွန်းလာစေရန် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေး၊ လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးအတွက် ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး စာရေးဆရာ စိန်ဝင်းနွယ်၊ ရဲမွန်ကျော်နှင့် စာရေးဆရာမ ချယ်ချယ်(YU)တို့က စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ)ရေးသားသည့် ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း စာအုပ်ပါ ငြီးငွေ့မှုကိုကုစားနည်း၊ အပြစ်မတင်ဘဲ အလုပ်ဖြစ်အောင်လုပ်ပါနှင့် လူအများနှင့်ပြေပြေပြစ်ပြစ်ဆက်ဆံနည်းခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)