တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

တပ်ကုန်း ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များကဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ ဆရာစံရပ်ကွက်၊ ရွှေအင်းရိပ်သာ ပရိယတ္တိစာသင်တိုက်၊  နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဘဒ္ဒန္တပညာသာမိအား အမှူးပြုသော ဆရာတော်၊ သံဃာတော်များနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့်ဇနီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရဦးနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြပြီး၊ ဘဒ္ဒန္တပညာသာမိ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဝါဆိုသင်္ကန်း၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် လှူဒါန်းမှုအစုစုကို ဘဒ္ဒန္တပညာသာမိဆရာတော်က ရေစက်သွန်းချအမျှပေးဝေခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဇနီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုများက ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်