လယ်ဝေးမြို့နယ်၌ ရာသီပြည့်သီးနှံစိုက်ဧရိယာ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်

လယ်ဝေး ဇူလိုင် ၂၁

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ သမိုင်းဝင်ဖောင်တော်ချက်မစေတီတော်မြတ်ကြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရာ ပြန်လည်ပြုပြင်မွမ်းမံနိုင်‌ရေး တတိယအကြိမ် အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုး တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အလှူရှင်များအနေဖြင့် သမိုင်းဝင်ဖောင်တော်ချက်မဘုရားကြီး ပြန်လည်ပြုပြင်ရန်အတွက် တတိယအကြိမ်မြောက် လှူဒါန်းသည့်အတွက် ဝမ်းမြောက်‌ကြောင်း မုဒိတာစကားပြောကြားသည်။ ထို့နောက် အလှူရှင် ဦးအောင်ပြည့်စုံ+ဒေါ်အေးအေးနှင်းမိသားစုတို့က သမိုင်းဝင်ဖောင်တော်ချက်မဘုရားကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလှူငွေကျပ် ၁၅၈၃ သိန်းလှူဒါန်းရာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။ ဆက်လက်၍ အလှူရှင်မိသားစုက လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအားကစားကွင်း အဆင့်မြှင့်တင်ရန်အတွက် အလှူငွေကျပ် သိန်း ၃၀၀ ပေးအပ်လှူဒါန်းရာ ကျောင်းအကျိုးတော်ဆောင် ဆရာကြီး ဦးကံညွန့်က လက်ခံရယူသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရ၊ အဖွဲ့ဝင်ဦးဝင်းအောင်နှင့် တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်း ရာသီပြည့်သီးနှံစိုက်ပျိုးဧရိယာဖြစ်သည့် ချောင်းမငယ်ရေသောက် မိုးစပါး(နှံကောက်) စိုက်ပျိုးထားသည့် ခရမ်းကိုင်းကျေးရွာ၊ ကွင်းအမှတ် ၁၈၂၃၊ တောင်သူဦးကျော်သောင်း ၏စိုက်ဧက ၆ ဧက စိုက်ခင်းအားကွင်းဆင်းကြည့်ရှု၍ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအားမြင့်မား‌ရေးအတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးကာ သွင်းအားစုများပေးအပ်သည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များသည် ကွင်းအမှတ် ၁၈၂၃ ၊ တောင်သူ ဦးဇော်ရဲ၏ နွေစပါးနှံကောက်  စိုက်ဧက ၂၃ ဧကတွင် ‌စက်ကိရိယာဖြင့် ရိတ်သိမ်း‌ခြွေလှေ့နေမှုအား ကြည့်ရှုအားပေးရာ တစ်ဧက (အစို) ၁၃၀ တင်းထွက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)